နောက်ဆုံးရ သတင်း

၁။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် Tradenet ဆိုင်ရာ ကိစ္စရပ်များ၊ QR Code ၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) နှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အသိပညာပေး အစီအစဉ်တစ်ရပ်ကို မြဝတီမြို့ Grade One Hotel ခန်းမတွင် ၅-၈-၂၀၂၃ ရက်နေ့ နံနက် ၀၉ ၃၀ ချိန်တွင် ပြုလုပ်ခဲ့ပါသည်။

၂။    အခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြဝတီနယ်စပ်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် အမှုဆောင်များ၊ ကုမ္ပဏီနှင့် အေဂျင်စီ များမှ တာဝန်ရှိသူများ စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့ကြပါသည်။

၃။    အသိပညာပေးပွဲတွင် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများမှ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု များအတွက် ဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ လုပ်ထုံးလုပ်နည်းများအပေါ် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန် အတွက် အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့(ASEAN ONLINE SALE DAY-AOSD) အား  ၂၀၂၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၄) နှစ်မြောက်နေ့ အဖြစ် ၂၀၂၃ ခုနှစ်အတွက် (၈-၈-၂၀၂၃) ရက်နေ့မှ (၂၂-၈-၂၀၂၃) နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ Online Sales လုပ်ငန်းဆောင်ရွက်သူ များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးလေ့လာရန် URL လုပ်ငန်း  ဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လေ့လာရန် URL မှာ URL - http://onlineasean.com  ဖြစ်ပါသည်။

 

AOSD ကျင်းပရခြင်းမှာ ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေး ကူညီရန်၊ e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်း ကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

သို့ပါ၍ AOSD 2023 တွင် အခြား ASEAN နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ တားမြစ်ကန့် သတ်ထားခြင်းမရှိသော ကုန်ပစ္စည်များနှင့်ဝန်ဆောင်မှုများကို e-Commerce လုပ်ငန်းများ၊ Online ဖြင့်ဆောင်ရွက်လျက်ရှိသည့် SME/ MSMEs များမှ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲပါပုံစံ တွင်ဖြည့်စွက်၍ dotict[email protected] သို့ ပေးပို့နိုင်ပါရန်နှင့် အသေးစိတ်အချက်အလက် များကိုသိရှိလိုပါက ၀၆၇-၄၀၈၆၇၀/၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 7 KW) (၂၃) ခုနှင့် (EV Charger, 11 KW) (၂၈) ခု၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ်အားသွင်းစက် (၅၁) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်      (၂-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်- ၃၁-၇-၂၀၂၃

   ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်များ၌ ပါရှိခဲ့သော “ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့ပူးပေါင်း ဆောင်ရွက်ရန်”  ဖော်ထုတ်ချက်နှင့်အညီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   သင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချသည်အထိ ထုတ်လုပ်မှုကွင်းဆက်(Supply Chain) တစ်လျှောက် ဟန်ချက်ညီညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေး နှင့် အရည်အသွေးကောင်းမွန်သည့် ဆန်များထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ ခေတ်မီဆန်စက် များစသည့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စပါးအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်းစသည့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ဆန်စပါးကဏ္ဍ ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်မည့်သူများ အထူးသဖြင့် ဆန်စက်အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ်မောင်းနှင်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံနည်းပညာများနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်း မျှဝေနိုင်‌စေရေး၊ ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေးတို့အတွက် ယခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာဈေးကွက်ဝေစုပိုမိုရရှိစေရေးအားလုံးဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း အမှာစကားပြောကြား ခဲ့ပါသည်။

   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ဆန်စပါးအရည်အသွေးမြှင့်တင်ရေးနှင့်မျိုးကောင်းမျိုးသန့်စပါးများ  တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသောစပါးများကို ခေတ်မီနည်းပညာများဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်ရေးတို့အတွက် အချိတ်ဆက်မိမိဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆန်စက်များ ကိုင်တွယ်မောင်းနှင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက်  မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဆင်တဲစက်မှု သင်တန်းကျောင်းတွင် ပူးပေါင်းသင်ကြားပေးခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကျရာကဏ္ဍကနေ  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆန်စပါးသည် မိမိတို့နိုင်ငံ၏ အဓိကစားသုံးသီးနှံ ဖြစ်သည့်အပြင် ပြည်ပပို့ကုန်ဝင်ငွေ ရှာဖွေပေးလျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊  စပါးကောင်းမှ ဆန်ကောင်းမည်ဖြစ်သကဲ့သို့ ဆန်စက်ကောင်းမှဆန် အရည်အသွေးကောင်းမွန်မည် ဖြစ်ပါကြောင်း၊ ဆန်အထွက်နှုန်းကောင်းမွန်မှသာ စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့ များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနနှင့်  စက်မှုဝန်ကြီးဌာန၊ ဆင်တဲစက်မှုသင်တန်းကျောင်းတို့တွင် ဆန်စပါးကဏ္ဍနှင့် ဆက်နွယ်သည့်သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပညာရှင်များနှင့် ဆန်စပါးကဏ္ဍ၌ လက်တွေ့ ဆောင်ရွက်နေသည့် အင်ဂျင်နီယာများက ဆန်စပါးစိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့၊ ရောင်းချခြင်းဆိုင်ရာနည်းပညာများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြေခံလျှပ်စစ်ကဏ္ဍတွင် သိသင့် သိထိုက်သည့်ပညာရပ်များ၊ စက်ရုံအလုပ်ရုံသုံး ဘွိုင်လာနည်းပညာများ၊ အခြေခံဂဟေဆက် နည်းပညာများစသည့်ပညာရပ်များကို ရက်ပေါင်း (၄၀) ကြာစာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဇူလိုင် ၃၁      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ အခြေစိုက်သည့် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် မှ ၃၀ ရက်အထိ တရုတ်နိုင်ငံ၊ ကွမ်းတုန်းပြည်နယ်၊ ရှန်းကျန်း မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum) သို့ တက်ရောက်ခဲ့ပါသည်။

          တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ အာဆီယံတရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာပင်လယ်အော်ဒေသ၏ အခန်းကဏ္ဍကို  အလေးပေး ထည့်သွင်းဆွေးနွေးရန်ရည်ရွယ်ချက်ဖြင့် အာဆီယံ-တရုတ် ဗဟိုဌာနက ဖိုရမ်ကိုဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။

          အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၉ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် (၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါပြီး အာဆီယံ-တရုတ် စီးပွားရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်၌ တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကိုမြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ီဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခုဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဖိုရမ်တွင်ဆွေးနွေးမည့် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ဆွေးနွေးချက်များသည် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ီဂျစ်တယ်စီးပွားရေးနယ်ပယ်များတွင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့် တင်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ မဟာပင်လယ်အော် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် တရုတ်နိုင်ငံတွင်သာမက အာဆီယံနိုင်ငံများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံနိုင်ငံများသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ချိတ်ဆက်မှုနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစသည့် ကဏ္ဍများတွင် အထူးအလေးပေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးနှင့် Guangdong - HongKong-Macao မဟာပင်လယ်အော်ဒေသ တည်ဆောက် ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးမှုများသည် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပိုမို ကောင်းမွန်တိုးတက်ရေးနှင့် အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်မည့် ရလဒ်ကောင်းများရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သော မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ အဓိကဆွေးနွေးသူအဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အကြီးအမှူးများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့ကြသည်။

          ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အတူ အာဆီယံ-တရုတ်ဗဟိုဌာန၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Shi Zhongjun၊ တရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်အစိုးရ၏ ဒုတိယမြို့တော်ဝန် Mr. Wang Shourui တို့က တက်ရောက်ခဲ့ကြပါ သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မလေးရှားနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာနမှ ဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဘရူးနိုင်းနိုင်ငံသံအမတ်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ စက်မှုနှင့်ကုန် သွယ်ရေးဌာန၏ ဒုတိယအကြီးအကဲတို့က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအဖြစ် ဦးဆောင် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စုစုပေါင်း ကိုယ်စားလှယ်ဦးရေ (၅၀၀) ခန့်တက်ရောက်ခဲ့ပါသည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း