နောက်ဆုံးရ သတင်း

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co.,Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် MG, MG4 (MULAN) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Myanmar New Energy Motor (MNEM) Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HYCAN Z03 နှင့် HYCAN A06PLUS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Grand Sirius Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA NEOMOR  D05 လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၆-၆-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်၏ ပို့ကုန်လျာထားချက်များ ပြည့်မီကျော်လွန်စေရေးအတွက် ပို့ကုန်ပစ္စည်းတစ်မယ်ချင်းကို ဘဏ္ဍာရေးနှစ်အတွင်း လအလိုက် လျာထားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ ပြောင်းစေ့တင်ပို့ခြင်းကို ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ဖြစ်သော ဧပြီ၊ မေ၊ ဇွန်လ လျာထားချက်မှာ တန်ချိန် ၃ ဒသမ ၈ သိန်းဖြစ်ပါသည်။

   ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ စာရင်းများအရ ပြောင်းတန်ချိန် ၄ ဒသမ ၇၈ သိန်းအမှန်တင်ပို့ နိုင်ခဲ့ပြီး  လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့ပါသည်။

   ထို့အတူ ဇွန်လလျာထားချက်အပေါ် ပြည့်မီကျော်လွန်နိုင်ရေး  အလေးပေးဆောင်ရွက် လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ စာရင်းများအရ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် ပြောင်းတင်ပို့မည့် သင်္ဘော ၁၄ စီး ဆိုက်ကပ်လျက်ရှိပြီး အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Alone Internatio-nal Port terminal) မှ ပြောင်းတန်ချိန် ၃၂,၀၅၈ တန်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (Yangon International Gateway Terminal) မှ ပြောင်းတန်ချိန် ၉,၅၀၀၊ မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port)မှ ပြောင်းတန်ချိန် ၃၆,၅၀၀၊ ဆူးလေဆိပ်ကမ်း (Sule Pagoda Wharves) မှ ပြောင်းတန်ချိန် ၂၀,၆၇၂ တန်၊  ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal) မှ ပြောင်းတန်ချိန် ၂၅,၀၀၀၊ သီလဝါဆိပ်ကမ်း (Myanmar International Terminal Thilawa) မှ ပြောင်းတန်ချိန် ၂၇,၅၀၀၊ Myanmar Integrated Port Limited မှ ပြောင်းတန်ချိန် ၂၆,၀၀၀၊ Wilmar (Wilmar International Port Terminal) မှ ပြောင်းတန်ချိန် ၁၁,၀၀၀၊ သီလဝါဆိပ်ကမ်း (Thilawa Multipurpose International Terminal) မှ ပြောင်းတန်ချိန် ၂၅,၀၀၀၊ ရွှေမဲဆိပ်ကမ်း(Shwemae)မှ ပြောင်းတန်ချိန် ၂,၇၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်း (Min Htet Min) မှ ပြောင်းတန်ချိန် ၅,၄၀၀ စုစုပေါင်း ပြောင်းတန်ချိန် ၂၂၁,၃၃၀ တင်ပို့သွားမည် ဖြစ်ကြောင်းသိရပါသည်။

   ထို့ပြင် ပြောင်းတင်ပို့မှုအား ဖေဖေါ်ဝါရီလမှ ဩဂုတ်လကုန်အထိ အိမ်နီးချင်းထိုင်းနိုင်ငံမှ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသဖြင့် ယခုနှစ်ဩဂုတ်လကုန်အထိ ပြောင်းစေ့ပို့ကုန်များ အချိန်မီ တင်ပို့နိုင်ရေး မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ပို့ကုန်လျာထား ချက်ပြည့်မီကျော်လွန်စေရေးအတွက်အဓိက ပို့ကုန်များဖြစ်သည့် ဆန်/ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများကို တင်ပို့သည့် ကုမ္ပဏီအလိုက် ဆောင်ရွက်နိုင်သည့် အခြေအနေအပေါ် သက် ဆိုင်ရာ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လအလိုက် လျာထားသတ်မှတ်ပြီး လျာထား သတ်မှတ်ချက်အတိုင်း တင်ပို့နိုင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းအစရှိသည့် အသင်းအဖွဲ့များနှင့်ညှိနှိုင်း၍ ပို့ကုန် တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိသည်။ ပြည်ပပို့ကုန် ပစ္စည်းများအနက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန်လျာထားမှုအပေါ် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ စာရင်းများအရ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၈ ခုတွင် ဆန်တင်ပို့နိုင်ရန် ဆန်သင်္ဘော ၈ စီး ဆိုက်ကပ်လျှက်ရှိပြီး အလုံအပြည်ပြည်ဆိုင် ရာဆိပ်ကမ်း (Alone International Port Terminal) မှ ဆန်တန်ချိန် ၁၂,၅၀၀၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း (Yangon Intrernational Gateway Terminal) မှ ဆန်တန်ချိန် ၁၂,၅၀၀၊ ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal) မှ ဆန်တန်ချိန် ၁၀,၀၀၀၊ WILMAR ဆိပ် ကမ်း (Wilmar Intrernational Port Terminal) မှ ဆန်တန်ချိန် ၉,၈၀၀ နှင့် ဆူးလေဆိပ်ကမ်း (Sule Pagoda Wharves) မှ ဆန်တန်ချိန် ၉၁,၁၂၀ တန်၊ စုစုပေါင်း ၁၃၅,၉၂၀ တန် တင်ပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

   ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဆန်တန်ချိန် ၇၄,၀၀၀ တန် တင်ပို့ ရန်အတွက် သင်္ဘော ၄ စီး ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရှိရသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၃၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

၁။   ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍  သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားပါသည်။

၂။   အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသော ကုန်ပစ္စည်းများကို ကြိုတင် တင်သွင်းဆောင်ရွက်လျက်ရှိပါသည်။

၃။   ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန် ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီး ဖြစ်ပါသည်။

၄။   သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာ စေရန် ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် နှိုးဆော်အသိပေး ကြေညာခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း