နောက်ဆုံးရ သတင်း
ပြည်ဈေးကွက်အတွင်း ထောပတ်ပဲသီးနှံမှာ လက်ကျန်နည်းလာခဲ့ပြီဖြစ်ပြီး၊ ဈေးနှုန်းအနေဖြင့် တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပါတယ်။ မြို့တွင်းလက်လီသမားများ ဝယ်ယူမှုရှိတာကြောင့် တစ်ရက် ၁၀ အိတ်ခန့်အရောင်းအဝယ် ဖြစ်ပြီး ရန်ကုန်၊ ပုသိမ်ဘက်မှ လက်ကားဝယ်ယူမှုရှိသည့်ရက်တွင် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း- ပြည်
ပြည်သစ်သီးဈေးကွက်အတွင်း ဒေသထွက် သြဇာသီးများ သြဂုတ်လဆန်းပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုစက်တင်ဘာလလယ်မှာ တော့ အဝင်နည်းလာတာကို တွေ့ရပါတယ်။ မိုးတစ်ဖြိုက်နှစ်ဖြိုက်ရွာလိုက်၊ နေပူလိုက် အချိန်မှာ သြဇာသီးများရင့်မှည့်တာဖြစ်ပါ တယ်။ ယခုနှစ်မှာတော့ မိုးရွာသွန်းမှုများတာကြောင့် သြဇာသီးအထွက် နည်းပြီး အလုံးညှက်တယ်လို့သိရပါတယ်။ ပေါ်စချိန်က သြဇာသီးအလုံးအကြီးအသေးအလိုက် ၁၀၀ ကျပ်မှ ၂၅၀ ကျပ်ဈေးထိ ရှိပေမယ့် ယခုအချိန်မှာတော့ အလုံးသေး ၃ လုံး ၁၀၀ ကျပ် ရှိပြီး အချော ၁ လုံးလျှင် ၁၅၀ ကျပ် ရှိကြောင်း သိရပါတယ်။
အိဆွေဇင် - ပြည်
ပြောင်းလဲလာသော ခေတ်နဲ့အညီ ယခင် ၄-၅ နှစ်ခန့်က ပုသိမ်မြို့တွင်း သွားလာရာတွင် စက်ဘီးများကိုသာ အဓိကအသုံးပြုလျက် နေရာမှာ ယခုအချိန်တွင် အချိန်ကုန်သက်သာပြီး၊ ခရီးတွင်ကျယ်မှုရှိသော မော်တော်ဆိုင်ကယ် များကို ပုသိမ်မြို့တွင်း မြို့နယ်များနဲ့ ကျေးရွာများတွင်လည်း နေရာအနှံ့အသုံးပြုလျက်ရှိပါတယ်။
ပုသိမ်ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်၍ လူကြိုက်များသော ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ရိုးမရာဇာ Stream 110 ဆိုင်ကယ်ဈေးနှုန်းများမှာ ဇူလိုင်-သြဂုတ်လပိုင်းဈေးနှုန်းမှ ယခုစက်တင်ဘာလမှာ ဆိုင်ကယ် ၁စီး ကျပ် ၂ သိန်းခန့် ဈေးနှုန်းကျ ဆင်းပြီး၊ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံထုတ် ကမ်ဘို ၁၁၀ လိုင်စင်ပါ ဆိုင်ကယ် ၁ စီးလျင် ယခင် ၈ သိန်းခွဲကျပ်မှ ယခု ၆ သိန်း ၈သောင်းကျပ်၊ လော်ဂျား ၁၁၀ မှာ ၈ သိန်း၊ ၈ သိန်းခွဲကျပ်မှ ယခု ၆ သိန်း ၈ သောင်းကျပ်၊ ကမ်ဘိုဆူပါကပ် ယခင် ၇ သိန်းကျပ်မှ ယခု ၅ သိန်းခွဲ၊ ၅သိန်း ၈ သောင်း ကျပ်ဈေးနဲ့ ပခုက္ကူစက်မှုဇုန်ထုတ် ရိုးမရာဇာ Stream 110 ဆိုင်ကယ်မှာ ယခင် ၈ သိန်း ၃ သောင်းကျပ်မှ ၇ သိန်း ၇ သောင်းကျပ် ဈေးကျဆင်းပြီး ယခုအချိန် ၇ သိန်းကျပ် ဈေးသာရှိကြောင်းသိရပါတယ်။ ယိုးဒယားနိုင်ငံထုတ် Shogun Suzuki ဆိုင်ကယ်ဈေးနှုန်း မှာ ယခင် ၂၃ သိန်းကျပ်မှ ယခုရောင်းဈေး ၁၇ သိန်းခွဲ၊ ၁၈ သိန်းကျပ်ဈေးနဲ့ ဈေးနှုန်းကျဆင်းလျက်ရှိပြီး၊ လူကြိုက်နည်းတဲ့ မာဘို၊ တွန်ဟွန်း၊ တိုယို၊ ဖီးလင်းဆိုင်ကယ်ဈေးနှုန်းမှာ ယခင်လိုင်စင်ပါ ၆ သိန်း ၆ သိန်းခွဲကျပ်မှ ယခုအချိန် ၄ သိန်းခွဲ၊ ၅ သိန်းကျပ်ဈေး အတွင်းသာရှိကြောင်း သိရပါတယ်။
ပုသိမ်ဈေးကွက်တွင် ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ဆူပါကပ်၊ ရိုးမရာဇာ Stream 110 ၊ Shogun Suzuki ဆိုင်ကယ်နဲ့ အခြားဆိုင်ကယ်မျိုးစုံရောင်းချလျက်ရှိတဲ့ Suzuki အရောင်းဆိုင်မှ ယခင်ပွင့်လင်းရာသီမှာ တစ်နေ့ ဆိုင်ကယ်အစီးရေ ၈၀-၁၀၀ ရောင်းချရသော်လည်း ယခုဆိုင်ကယ်ဈေးနှုန်းကျဆင်းချိန်မှာ တစ်နေ့အစီးရေ ၃၀-၄၀ ခန့်သာရောင်းချမှုရှိကြောင်း၊ အရောင်းဆိုင်မှလည်း ဆိုင်ကယ်အသစ်များကို တစ်ဝက်လက်ငင်းချေ၊ တစ်ဝက် ၆ လအတွင်းပေးချေရသောစနစ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လောလောဆယ်ဆိုင်ကယ်ဈေးနှုန်းကျဆင်းချိန် ဝယ်လိုအားလျော့နည်းနေသော်လည်း ပွင့်လင်းရာသီမှာ ဆိုင်ကယ် ဈေးကွက်ပြန်လည် သွက်လက်လာတယ်လို့ ခန့်မှန်းကြောင်း ဈေးကွက်မှ သိရပါတယ်။
မင်းမင်းဦး - ပုသိမ်
ကျောက်ဆည်နယ် ငရုတ်ဈေးကွက်မှာ မိုးထောင်ငရုတ်ဟာ ယခင်နှစ်က တစ်တင်းကို ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်မှာ မိုးထောင်ငရုတ်တစ်တင်းကို ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိဖြစ်ခဲ့ပါတယ်။ ယခင်နှစ်က ဒီမွန် ငရုတ်တစ်တင်းလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်မှာ ၆၀၀၀ ကျပ်ဈေးမှ ၆၅၀၀ ကျပ်ဈေးဖြစ် ခဲ့ပါတယ်။ ယခင်နှစ်က သာမိုငရုတ်အသေး တစ်တင်းလျှင် ၆၅၀၀ ကျပ်ဖြစ်ပြီး၊ ယခုမှာ သာမို ငရုတ်အသေးတစ် တင်းလျှင် ၇၅၀၀ ကျပ်ဈေးဖြစ်ကြောင်း သိရှိရပါတယ်။
မိုးထောင်၊ ဒီမွန်၊ သာမိုငရုတ်စိုက်တဲ့ ကျောက်ဆည်ငရုတ်တောင်သူများ ယခုနှစ်မှာ ဈေးကောင်းရနေ ကြတယ်လို့ ဆိုပါတယ်။
ခင်သီတာအေး - ကျောက်ဆည်
ဂျပန်နိုင်ငံ၊ NEWJEC Inc နှင့် KANSO နည်းပညာကုမ္ပဏီတို့မှ ကိုယ်စားလှယ်အဖွဲ့အား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဦးစိုးဝင်း၊ အထွေထွေမန်နေဂျာ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးနှင့် ဦးအောင်စိုး၊ ညွှန်ကြားရေးမှူး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲတို့မှ စက်တင်ဘာလ ၅ ရက်နေ့ (တနင်္လာနေ့) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
NEWJEC Inc သည် ဂျပန်နိုင်ငံရှိ Semi-government အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆိုင်ရာ အကြံပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးရွာမီးထွန်းလင်းရေး ဆောင်ရွက်ပေးရန် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း၊အမှတ်(၂)စက်မှုဝန်ကြီးဌာနကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော ကျေးရွာမီးထွန်းလင်းရေး ကော်မတီဝင်များကိုလည်း သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ကြက်ဆူစေ့မှ ထုတ်ယူရရှိသည့် ဇီဝလောင်စာဆီဖြင့် စွမ်းအင်ထုတ်လုပ်ခြင်း၊ စပါးခွံမှစွမ်းအင်ထုတ် လုပ်ခြင်း၊ စပါးခွံမှစွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို မြန်မာနိုင်ငံတွင် ဖြန့်ဝေရန်ရည်ရွယ်ကြောင်း၊ ချောင်းသ ကျေးရွာတွင် ဂျပန်အစိုးရ၏ အကူအညီဖြင့် ဆိုလာ စွမ်းအင်သုံး၍ တစ်ရွာလုံးမီးထွန်းလင်းရေးကို ၂၀၀၅ ခုနှစ် တွင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။