နောက်ဆုံးရ သတင်း
နေပြည်တော်၊ စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေ သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နေ့လယ်ပိုင်းက Crowne Plaza ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ပိုးလမ်းမတစ်လျှောက် ဒေသများတွင် အီလက် ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းမှာ အလွန်အဓိပ္ပါယ်ရှိပါ ကြောင်း၊ ယနေ့ခေတ်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခိုင်မာစေ ရန် ဆောင်ရွက်ရာတွင် e-Commerce မှာ အလွန်အရေးပါလှပါကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်၌ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှုများအပေါ် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၌ မကြာသေးမီနှစ်များအတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုများ သိသာ ထင်ရှားစွာ တိုးတက်ဖြစ်ထွန်းလာကြောင်း၊ ဒစ်ဂျစ်တယ်ဂေဟစနစ် ခိုင်မာအားကောင်းစေရန် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ခေတ်နှင့်လျော်ညီစေရန် ဘက်စုံဒစ်ဂျစ်တယ်လမ်းပြ မြေပုံအား ချမှတ်ဆောင်ရွက်နေကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee - DEDC) ကို ဖွဲ့စည်းထားပြီးဖြစ်ကာ၊ မိမိကဥက္ကဋ္ဌ အဖြစ် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရက နည်းပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး မြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေကြောင်း၊ အားလုံးပါဝင်သည့် စီးပွားရေး ဖွံ့ဖြိုးမှုကိုမောင်းနှင်ရန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ ပညာရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးလာစေရန် အရှိန်မြှင့်တင်ကာ ဆောင်ရွက်နေ ပါကြောင်း၊ ပိုးလမ်းမတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုထွန်းကား လာစေရန် ပါဝင်သည့် နိုင်ငံများက ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများပြုခြင်းနှင့် ဆန်းသစ်တီထွင်မှုများနှင့် စွန့်ဦးတီထွင် ဆောင်ရွက်မှုများပြုခြင်းတို့အပေါ် အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာလီဖေ့၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ မစ္စတာ မြောင်ကျင်းဝမ်နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေ သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းက Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှု မြှင့်တင်ရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ မန္တလေးမြို့မှာ မြန်မာ-တရုတ် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါသည့် တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)စီမံကိန်း၊ မဟာမဲခေါင်ဒေသခွဲ (GMS) ၏ အရှေ့အနောက် စီးပွားရေး စင်္ကြနှင့် တောင်မြောက်စီးပွားရေးစင်္ကြံများဖြင့် ချိတ်ဆက်နေသည့် ကုန်သွယ်ရေး လမ်းကြောင်း များ၏ ဗဟိုချက်တွင် တည်ရှိသောကြောင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ နှစ်လိုဖွယ်ရာမြို့တော် (City of Charm)အဖြစ် ရွေးချယ်ပြသခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့မှာ ဒေသတွင်းကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော စီးပွားရေးစင်္ကြံလမ်းကြောင်းများ၏ လမ်းဆုံမှာ တည်ရှိကြောင်း၊ ထို့ကြောင့်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်အလားအလာရှိသည့် စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်း၊ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အလေးအနက်ပြောကြားခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း နှင့် မန္တလေးတိုင်း စီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြား ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံဘက်မှ အစိုးရကိုယ်စားလှယ်များနှင့် ပုဂ္ဂိကလုပ်ငန်းရှင် များ၊ တရုတ်နိုင်ငံဘက်မှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ ညီလာခံ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဟွမ်ကျွင့်ဟွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါဖိုရမ်တွင် မန္တလေးမြို့သာစက်မှုဇုန်စီမံကိန်း၊ အမရပူရခရီးသွားစီမံကိန်း၊ မင်္ဂလာ မန္တလေးစီမံကိန်း၊ ရေတံခွန်တောင် မြို့တော်စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်သီးဝလံကဏ္ဍများနှင့် ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းအလိုက် တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်တွင် Cooperation Agreement of Luban Workshop Operation Project in Myanmar ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂ ရပ်၊ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပျားရည်ရောင်း ဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်စသည့် သဘောတူညီချက် ၅ ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေ သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် တရုတ်-ဗီယက်နမ် နယ်စပ်ပင်းရှန်မြို့သို့ သွားရောက်၍ နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေပုံ များနှင့် တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး ဆောင်ရွက်နေပုံများကို သွားရောက် လေ့လာ ခဲ့ကြပါသည်။
ပထမဦးစွာ ပင်းရှန်မြို့ရှိ ချစ်ကြည်ရေးဂိတ်သို့ သွားရောက်၍ နယ်စပ်ကုန်သွယ်မှုဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြပါသည်။ ၎င်းချစ်ကြည်ရေးဂိတ်မှာ ဟူနန် - ကွမ်ရှီး မီးရထားလမ်း၊ တရုတ်အမျိုးသား အဝေးပြေးလမ်းမကြီးများနှင့် ဗီယက်နမ်အဝေးပြေးလမ်းတို့နှင့် ဆက်သွယ်ထားသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖြစ်ပါသည်။ ၎င်းဂိတ်မှာ တရုတ်နိုင်ငံတွင် နာမည်အကျော်ကြားဆုံးနယ်စပ်ဂိတ် ၉ ခုအနက် တစ်ခု ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ ဖူကျိုက် ကုန်သွယ်ရေးဂိတ်သို့ သွားရောက်ကာ ကုန်စည်စစ်ဆေးရေးကိစ္စများ ဆောင်ရွက်နေပုံအား လေ့လာခဲ့ကြပါသည်။ ဖူကျိုက်ကုန်သွယ်ရေးဂိတ်မှာ ပင်းရှန်မြို့၏ အနောက်တောင်ဘက် ဗီယက်နမ်နိုင်ငံ၊ Tinh Lang Son ပြည်နယ်၊ Van Lang စီရင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်မှုစင်တာသို့ သွားရောက်၍ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလာသည့် သစ်သီးဝလံများအား တရုတ်နိုင်ငံသို့ တင်သွင်းနေသည့် လုပ်ငန်းဆောင်ရွက် နေမှုများကို ဆက်လက်လေ့လာခဲ့ကြပါသည်။ ၎င်းစင်တာ၌ အာဆီယံနိုင်ငံများမှ တင်သွင်းလာ သည့် သစ်သီးဝလံများအား တရုတ်နိုင်ငံမှ ကုန်သေတ္တာယာဉ်များအတွင်း လွှဲပြောင်းတင်ဆောင်ပြီး နောက်၊ တရုတ်နိုင်ငံ၏ မြို့ကြီးများသို့ ပြန်လည်ဖြန့်ချိခြင်း၊ တရုတ်နိုင်ငံမှ လယ်ယာစိုက်ပျိုးရေး နှင့် သစ်သီးဝလံများကို အာဆီယံနိုင်ငံများသို့ ပြန်လည်ဖြန့်ချိခြင်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ အထူးသဖြင့် အာဆီယံနိုင်ငံများမှ ပိန္နဲသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ သခွားမွှေး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးများကို တင်သွင်းကာ တရုတ်နိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံ များနှင့် ကောက်ပဲသီးနှံများကိုလည်း ပြန်လည်တင်ပို့လျက်ရှိပါသည်။
နေ့လည်ပိုင်း၌ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ ရွှေကို (Shuikou) နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်၍ လေ့လာခဲ့ပါသည်။ ရွှေကိုနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ဗီယက်နမ်နှင့် ၁၈၄ ကီလိုမီတာရှည်လျားစွာ ထိတွေ့နေသည့် လောင်ကျိုး (Longzhou) စီရင်စု၌ တည်ရှိသောနိုင်ငံတော်အဆင့် စခန်းတစ်ခု ဖြစ်ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် နာဟွားပုဂ္ဂလိက နယ်စပ် ကုန်သွယ်ရေးဇုန်သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
ပင်းရှန် (Pingxiang) မြို့မှာ ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ သစ်သီးဝလံ များကို ကုန်းလမ်းမှ ဖြတ်သန်းသယ်ဆောင်၍ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် အဓိက ဝင်ပေါက် တစ်ပေါက်ဖြစ်ရာ မြန်မာနိုင်ငံ၏ သစ်သီးဝလံကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသော မြို့ဖြစ်ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၄
(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ Mr. Lan Tianli နှင့် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့၊ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် နှစ်စဉ်ပါဝင်ပြသခြင်းဖြင့် တရုတ်နိုင်ငံနှင့်သာမက အခြားအာဆီယံနိုင်ငံများနှင့်လည်း ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကွမ်ရှီးဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ရောင်းချနိုင်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာ ဖြန့်ဝေပေးနိုင်ရေးကိုလည်းကောင်း၊ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ 3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ4X နှင့် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၄-၉-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။