နောက်ဆုံးရ သတင်း
နေပြည်တော်၊ အောက်တိုဘာ ၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ “အုန်းသီးတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ် ခြင်း နည်းပညာပေးသင်တန်း၏ ဒုတိယနေ့သင်တန်းအစီအစဉ်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ပါသည်။
သင်တန်း၏ ဒုတိယမြောက်နေ့ရက်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်သော လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝေက အုန်းသီးရေခဲမုန့် ပြုလုပ်ခြင်းအတွက် ပါဝင်သည့်ပစ္စည်းများနှင့် ပြုလုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားခဲ့ပါသည်။ ဆက်လက်၍ အုန်းစိမ်းဂျယ်လီ၊ အုန်းသီးအချိုရည် ပြုလုပ်ခြင်းနှင့် အုန်းဆီနှင့် အုန်းနို့မှုန့်ပြုလုပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသင်ကြားခဲ့ပါသည်။
သင်တန်းတွင် သင်တန်းသားစုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအစီအစဉ်ကို ညနေ (၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားသည့်စနစ် မိတ်ဆက်ခြင်း နှင့် အသိပညာပေး အခမ်းအနား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါ သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင် က အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဇေယျာလွင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော စိတ်ပါဝင်စားသူများက သိရှိလိုသည် များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားသို့ စိတ်ပါဝင်စား သူ ၁၂၀၀ ဦးခန့် တက်ရောက်လေ့လာကြကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ် လျှောက်ထား ရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော် အောက်တိုဘာလ ၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့် ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှအောက်တိုဘာလ ၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၉၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော Kanboအမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၃၀-၉-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။
Please be informed that online sales business registration can be registered in eComReg System (https://www.ecomreg.gov.mm), from 2nd October 2023.
Other necessary information will be released in the Export and Import bulletin.
Department of Trade