နောက်ဆုံးရ သတင်း
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့၊ မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့သည်။
ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ပြောကြားရာတွင် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် အမြန်ဆုံးတိုးတက်မှုရရှိရန်နှင့် လုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုစေနိုင်သည့်အတွက် စီမံကိန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ ယခင်အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးထား ပြီးဖြစ်သော လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား ပိုမိုကောင်းမွန်၍ ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ ဖြစ်သည့် China International Trust Investment Corporation–CITIC နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာ နှစ်ဦးနှစ်ဖက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကြောင့် ညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီဖြစ်ပြီး မကြာမီအတွင်းနောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်တွင် ဒေသခံရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး အစီအစဉ်များကို စတင်ပြင်ဆင်ထားရန် ဖြစ်ပါကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး နိုင်ငံပိုင် သတင်းစာများတွင် စိတ်ဝင်စားမှု အဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာ တင်သွင်းလာသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်သည့်လုပ်ငန်းစဉ်များ မကြာမီဆက်လက်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည် ဖြစ်ပါကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက်လည်း လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးကော်မတီအနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးစီးပွားရေးဇုန်များအနေဖြင့် ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် ဇုန်ပြင်ပရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် အဖွဲ့ဝင်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော် ဒီဇင်ဘာလ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၈၁၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ် ပါသည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဂျင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုစေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင် သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျက်ရှိပါသည်။
ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည်ထုတ်ကုန်များ၊ ချုပ်ပြီး အထည်၊ သကြားနှင့် အခြားစက်မှုကုန်ချောထုတ်ကုန်များကိုလည်း တင်ပို့လျက်ရှိပါသည်။ ဧပြီလမှ ဒီဇင်ဘာလဆန်းထိတွင် ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ပို့ကုန်အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမဏီ၊ ပိုလန်၊ တောင်ကိုးရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှာ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြား သည့် နိုင်ငံများဖြစ်ပါသည်။
ပြည်ပ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုအား ကုမ္ပဏီ ၅၉၃၈ ခုမှ အမှန်တင်ပို့၊ တင်သွင်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
လက်ရှိတွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများအပြင် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ငါးမျိုး စုံ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများတင်ပို့သည့် လုပ်ငန်းရှင်အချို့မှ ရက်သတ္တပတ်လျှင် တန် ချိန် ၃၀၀ ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံများသို့ လေကြောင်းဖြင့် တင်ပို့လျက်ရှိပါသည်။
ပို့ကုန် တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက်လိုအပ်သည့် ဓာတ်မြေ ဩဇာ တင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့သည့်လုပ်ငန်းရှင်များအား ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ် များ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
သို့ပါ၍ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက်၊ ကုန်စည်အလိုက် ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး ထွက်ရှိလာသည့် ရာသီပေါ် သီးနှံများ၊ ငါး၊ ပုစွန် မွေးမြူရေး ရေထွက်ကုန်များအား ပြည်ပ ဈေးကွက်ဝယ်လိုအား မြင့်မားနေသည့် အချိန်ကိုက် တင်ပို့နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန် လက်ရှိဘဏ္ဍာနှစ် ပြည်ပတင်ပို့နိုင်မှုစာရင်းများနှင့်အတူ အသိပေးတင်ပြလိုက်ရပါသည်-
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက် ၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိ ပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၂၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။