နောက်ဆုံးရ သတင်း

   မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ သီးသန့်ဥပဒေတစ်ရပ်အနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ၂၀၁၉ အရ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကို ရရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (မှတ်ပုံတင်အရာရှိ) ထံလျှောက်ထားရမည်ဖြစ်သည်။

   အမှတ်တံဆိပ်ကို ဖန်တီးရာတွင် မိမိ၏ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကို အခြားသောကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခွဲခြားသိရှိစေနိုင် သော အမှတ်အသားဖြစ်ရန်လိုအပ်ပါသည်။ အမှတ်တံဆိပ်ကို ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေးပေါင်းစပ်မှုတို့အပါအဝင် မျက်စိဖြင့် မြင်တွေ့ နိုင်သောအရာများ၊ ယင်းအမှတ်အသားတစ်ခုနှင့် တစ်ခုပေါင်းစပ်၍လည်း ဖန်တီးနိုင်မည်ဖြစ်သည်။

   အမှတ်တံဆိပ်တစ်ခုကို ဖန်တီးရာတွင် အခြေခံအားဖြင့် စကားလုံးများ၊ ရုပ်ပုံများ (သို့မဟုတ်) ယင်းနှစ်မျိုးကို ပေါင်းစပ်၍ ဖန်တီးလေ့ရှိကြသည်။ စကားလုံးများသက်သက်ဖြင့် ဖန်တီးပြုလုပ်ထားသော အမှတ်တံဆိပ်များကို Word Mark ဟုခေါ်ဆိုသည်။

ဥပမာ-

ရုပ်ပုံဖြင့်ဖန်တီးထားသောအမှတ်တံဆိပ်များကို Figure or Logo Mark ဟုခေါ်သည်။

ဥပမာ-

စကားလုံးနှင့် ရုပ်ပုံနှစ်မျိုးလုံးဖြင့် ပေါင်းစပ်ဖော်ပြထားသော အမှတ်တံဆိပ်များကို (Combination of Word and Figure Mark)ဟု ခေါ်ဆိုကြသည်။

ဥပမာ-

 

နေပြည်တော်၊ ဇန်နဝါရီ ၁၃  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် Voice of the South Summit ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။

  အမှာစကားပြောကြားရာတွင် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ  နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက်နိုင်ငံ (၁၇၀) နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်စေရေး ပူးပေါင်းဆောင်ရွက်သွား ရန်အတွက် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံများအားလည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် ပိုမိုအားကောင်းစေရန်အပြင် စီးပွားရေးအလားအလာကောင်းများရှာဖွေရန်၊ ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန် စေရန်နှင့် ခရီးသွားလုပ်ငန်းများကောင်းမွန်စေရေး တိုက်တွန်းဆောင်ရွက်သွားရန်တို့ နှင့်ပတ်သက်၍ အမြင်များအားဖလှယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဖက်ပိုင်းရှိ နိုင်ငံများအားလုံးနှင့် နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပူးပေါင်းချိတ်ဆက်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ပြောကြားခဲ့သည်။

  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်မှ (၁၃) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ( ၂၅ )နိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများလည်း အသီးသီးတက်ရောက် အမှာစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

       နေပြည်တော်၊ ဇန်နဝါရီ ၁၁  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုများဖြစ်သည့်   မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်းမွန်ရေး၊ အရေအတွက်အားဖြင့် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး “ မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ” ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ညီလာခံမှ ဖော်ထုတ်ချက်များအရ ဆက်လက် ဆောင်ရွက်သွားသင့်သည့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် ဖော်ထုတ်ချက် (၁၅)ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် (၁၀)ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍအတွက် (၁၈)ချက်၊ စုစုပေါင်းဖော်ထုတ်ချက် (၄၃)ချက်နှင့် ပတ်သက်ပြီးအကောင်အထည် ဖော်ဆောင်ရွက် သွားရန်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို (၅)နှစ်တာ ကာလအတွက် (မူကြမ်း) ရေးဆွဲ ပြုစုထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းစီမံ ချက်ကိုအားလုံး အတည်ပြုချက်ရရှိပြီး သည့်အချိန်တွင် သက်ဆိုင်သည့်ဌာနများ၊ အသင်းအဖွဲ့ များအနေဖြင့် ဦးဆောင်ခြင်း၊ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍  အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါး ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက်  မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံ စျေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်တည်ရှိစေရေး အတွက်လည်းကောင်း၊ အရည်အသွေး သတ်မှတ်ချက် နိုင်ငံတကာအဆင့်ဝင်သည့် ပို့ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များက ဟန်ချက်ညီညီ ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများမှ လုပ်ငန်းစီမံချက် လျာထားမှုများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ  အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

          မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို  ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀) ထိတို့ အားတင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀) တင်ပို့ရန် အရောင်းစာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေး အတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ ဆန်တန်ချိန် (၁၇၄,၀၀၀) ကျော်အား တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် (၂၅,၀၀၀) ကျော်အား သင်္ဘောတင်ဆဲဖြစ်ကာ ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့သွားမည်ဖြစ် ကြောင်းသတင်း ရရှိသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၀    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ အာဆီယံ-ဂျပန်စင်တာ၏ ကူညီပံ့ပိုးမှုဖြင့် ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းများနှင့်အညီ မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ထုတ်လုပ်တင်ပို့ရောင်းချမှု မြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမင်းမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ်ကိုယ်စား Senior Executive Officer Dr.Yuka Kubota က ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ကာ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာက‌ပေါနှင့် ညွှန်ကြားရေးမှူး၊ ဒေါက်တာသက်လွင်ဦးတို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

    ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ဂျပန် စျေးကွက်သို့ တင်ပို့ရန် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန် များဖြစ်သည့် ဝဥ၊ ဂျင်း၊ တိုင်းရင်းဆေး၊ ဟင်းသီးဟင်းရွက်နှင့် နှမ်းထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ သည်။

    အလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယပိုင်းအစီအစဉ်အဖြစ် ဂျပန်စျေးကွက်သို့ လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ၎င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ များမှ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းနောက် သီးနှံအုပ်စုအလိုက် အစုအဖွဲ့များမှ ဂျပန်စျေးကွက် ဝင်ရောက်နိုင်ရေး အားသာချက်၊ အားနည်းချက်များနှင့် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးခဲ့ကြသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံ-ဂျပန်စင်တာမှ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ နောင်တရားမြို့၊ ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မကွေးတိုင်း၊ နေပြည်တော်တို့မှ လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း