ဩစတြေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (Australia Competition and Consumer Commission-ACCC) ၏ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Program-CLIP) အောက်တွင် “လုပ်ငန်းများပေါင်းစည်းခြင်းနှင့် ရှင်းလင်းပြတ်သားသော စီးပွားရေး ဆိုင်ရာ အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကိုယ်စားလှယ်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ACCC ၊ ဩစတြေးလျ အမျိုးသားတက္ကသိုလ်နှင့် ဖိလစ်ပိုင်တက္ကသိုလ်တို့မှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဓိကဆွေးနွေးခဲ့ကြပြီး အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၄)ဦး တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများကို စိစစ်လေ့လာရာတွင် စီးပွားရေးအကြံဉာဏ်များ၏ အရေးကြီးသောအခန်းကဏ္ဍနှင့် စီးပွားရေးပညာရှင်များနှင့် စီးပွားရေးပညာရှင်မဟုတ်သူများသည် ထိုအကြံဉာဏ်များကို ၎င်းတို့၏အဖွဲ့အစည်းများသို့ မည်သို့ရှင်းလင်းပြောဆိုချိတ်ဆက်သွားမည် အစရှိသည်တို့ကို အဓိကထား၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးပညာရှင်များနှင့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာပညာရှင်များက အဆိုပါကိစ္စရပ်များအပေါ် သဘောထားအမြင်များနှင့် အတွေ့အကြုံများကို ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

