၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်
အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ နိုင်ငံ့ခေါင်းဆောင်များက အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြ သည့် အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ [ASEAN Economic Community (AEC) Blueprint] တွင် ၂၀၁၅ ခုနှစ်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံး၌ ယှဉ်ပြိုင်မှု မူဝါဒနှင့် ဥပဒေကို ပြဌာန်းနိုင်ရေးကြိုးပမ်းအားထုတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘော တူညီခဲ့ကြပါသည်။ ယင်းအချက်ကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အာဆီယံစီးပွားရေး ဝန်ကြီးများသည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းများ ပြုလုပ်ရန် ဒေသဆိုင်ရာဖိုရမ်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှု ဆိုင်ရာကျွမ်း ကျင်သူများအဖွဲ့ (ASEAN Experts Group on Competition-AEGC) ကို ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ထူထောင်ခဲ့ကြ ပါသည်။
AEGC အစည်းအဝေးများကို တစ်နှစ်လျှင် (၂)ကြိမ်ကျင်းပလေ့ရှိပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်၍ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပကြပါသည်။ အဆိုပါ အစည်းအဝေးများကျင်းပရာတွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံသာပါဝင်သည့် AEGC အစည်းအဝေးသာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် GIZ(ဂျာမနီ)၊ AANZFTA(အာဆီယံ-သြစတြေးလျ-နယူးဇီလန်)၊ EU တို့နှင့် အာဆီယံနိုင်ငံများ ဆွေးနွေးသည့် ဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်ကြပါသည်။ အစည်းအဝေး များတွင် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေတို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရင်ဆိုင်နေရသော အခက်အခဲများကို အဓိကထား ဆွေးနွေးကြပြီး အဆိုပါကိစ္စရပ်များအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်း၊ လိုအပ်သော ကူညီထောက်ပံ့မှုများအတွက် ညှိနှိုင်းဆွေးနွေးကြကာ မိတ်ဖက်နိုင်ငံများမှ ၎င်းတို့ကူညီဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ အသိပညာပေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့် အစီအစဉ်များ စသည့်ကိစ္စရပ်တို့ကို ညှိနှိုင်းဆောင်ရွက်ကြပါသည်။
၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် ၁၉ ကြိမ်မြောက်နှင့် ၂၀ ကြိမ်မြောက် အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌနှင့် အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ယခုအခါတွင် ၁၉ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ ၂၀ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မြန်မာနိုင်ငံ၏ တာဝန်ခံဌာန ဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ အာဆီယံ လုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
AEGC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း
AEGC အလှည့်ကျဥက္ကဌတာဝန်အား လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခြင်း
၁၉ ကြိမ်မြောက် AEGC အစည်းအဝေးစတင်ကျင်းပခြင်း
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ