ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်အရန်ဆန်နွေစပါးများ ဆက်လက်ဝယ်ယူနေ

Mon, 05/21/2012 - 08:40 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတ့ိုနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးလှခိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်း၊ နိုင်ငံတော်အရန်ဆန် ထားရှိရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဦး၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဝင်း၊ လယ်ယာထွက်ကုန် အထွေထွေမန်နေဂျာ ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးအောင်တို့ လိုက်ပါလျက် မေ ၁၄ ရက်က နိုင်ငံတော်အရန်ဆန်ထားရှိရေးကော်မတီမှ တိုက်ရိုက် အဝယ်စခန်းများ ဖွင့်လှစ်ပြီး နွေစပါးများဝယ်ယူနေတဲ့ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒေသကျေးရွာ အောင်ဆန်စက်အဝယ် စခန်း၊ မအူပင်မြို့နယ် တန်တစ်ရာ ဆန်စက်အဝယ်စခန်းနဲ့ မအူပင်စပါးကုန်စည်ဒိုင်အဝယ်စခန်းများသို့ရောက်ရှိပြီး တောင်သူများထံမှ တိုက်ရိုက် အရန်ဆန်နွေစပါးဝယ်ယူနေမှုများကို ကြည့်ရှု အားပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့်အဖွဲ့ဟာ ဒေသခံတောင်သူလယ်သမားများ၊နွေစပါးလာရောက်ရောင်းချသူ တောင်သူလယ် သမားများနဲ့တွေ့ဆုံပြီး နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ နိုင်ငံတော်အရန်ဆန်ထားရှိရေးကော်မတီက အရန်ဆန်နွေစပါးများ တိုက်ရိုက်ဝယ်ယူပေးနေမှုအခြေ အနေများကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြပါတယ်။
ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာ အောင်ဆန်စက်အဝယ်စခန်းမှာ နွေစပါးလာရောက်ရောင်းချတဲ့ ဖိုးခုံစုကျေးရွာမှ  တာင်သူဦးသောင်းကြိုင်က ''အခုလို တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့က ကျွန်တော်တို့ တောင်သူတွေကို လေးလေးစားစားနဲ့ လာရောက်ပြီး အခက်အခဲတွေဖြေရှင်းပေးလို့ လွန်စွာမှ ဝမ်းမြောက်မိသလို ကျေးဇူးလဲတင်ရှိပါတယ်၊ ကျွန်တော်နွေစပါး တင်း ၅၀၀ လာရောင်းတာပါ။ မျိုးကောင်းမျိုးသန့်စပါးတော့ ရွေးစိုက်ခဲ့ပါတယ်။ အစိုဓာတ်နဲ့ ဖုန်၊ သဲ၊ ခဲ၊ မြက်သီးတွေ အနည်းငယ်ပါလို့ ဖြတ်တောက်ဝယ်ယူပေမယ့်လည်း ယခင်စပါးတင်း ၁၀၀ ကို နှစ်သိန်းခြောက်သောင်း ကျပ်၊ နှစ်သိန်း ခုနစ်သောင်းကျပ်နဲ့ ရောင်းရတာနဲ့စာရင် နှစ်သောင်းလေးထောင်ကျပ်လောက် ပိုရပါတယ်။ ရောင်းရတာလဲ အဆင်ပြေပါတယ်'' လို့ ပြောကြားခဲ့ရပါတယ်။ ငှက်ပျောကျွန်းကျေးရွာမှ နွေစပါးလာ ရောက်ရောင်း ချသူ ဦးအေးထွန်းကလည်း ''နွေစပါးသီးထပ်ရင် တင်း ၃၃၀ လာရောင်းတာပါ။ စပါးဈေးကလဲကျ၊ ဝယ်မယ့်သူကလည်း နည်း၊ ဝယ်ပြန်တော့လဲငွေလက်ငင်းမပေး၊ ကြွေးချတော့ အခက်အခဲတွေရှိခဲ့ပါတယ်။ အခုလိုလာရောင်းတော့ အစိုဓာတ်နဲ့ ဖုံ၊ သဲ၊ ခဲ၊ အဖျင်းမှော်နဲနဲပါလို့ စပါတစ်တင်းကို တစ်ပေါင်ခွဲ၊ ပေါင်ပိုဖြတ် တောက်ဝယ်ပါတယ်။ ငွေလည်း လက်ငင်းရ ပါတယ်။ ဈေးနှုန်းလည်းပိုရတော့ စိတ်ချမ်းသာရပါတယ်။ ကျွန်တော်တို့  တောင်သူလယ်သမားတွေ အပေါ် နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အစီအမံများနဲ့ နိုင်ငံတော် အရန်ဆန်  နွေစပါးဝယ်ယူပေးနေလို့ အခက်အခဲတွေ ပြေလည်သွားတဲ့အတွက် ဝမ်းသာပါတယ်၊ ကျေးဇူးတင်ရှိပါတယ်'' လို့ ပြောကြားခဲ့တာကိုလည်း ကြားသိခဲ့ရပါတယ်။နိုင်ငံတော်အရန်ဆန်ထားရှိရေးကော်မတီက မအူပင်ခရိုင်လေးမြို့နယ်မှာ တိုက်ရိုက်အဝယ်စခန်း ရှစ်ခုကို မေ ၁၁ ရက်မှာ စတင်ဖွင့်လှစ်ပြီး နွေစပါးရောင်းဝယ်မှု ခက်ခဲနေတဲ့ တောင်သူများ ထံမှဝယ်ယူခဲ့ရာ မေ ၁၇ ရက်အထိ အရန်ဆန်နွေစပါး ၈၉၅၅၈ တင်း ဝယ်ယူရရှိပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ၁၅ မြို့နယ်မှလည်း နိုင်ငံတော်အရန်ဆန်နွေစပါးများ ဆက်လက် ဝယ်ယူဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါတယ်။                   
တိုးလွင်