အမျိုးမှန် အဖိုးတန်လာပြီဖြစ်တဲ့ ရွှေဖရုံသီး

Tue, 10/02/2012 - 09:34 -- Anonymous (not verified)

ရွှေဖရုံသီးသည် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် လိုအပ်သည့်ဗီတာမင်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့် အဓိက စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ရွှေဖရုံသီးကို မြန်မာနိုင်ငံအတွင်း နေရာဒေသမရွေး စိုက်ပျိုးထွက်ရှိပြီး၊ ဟင်းသီးဟင်း ရွက် ရောင်းချသည့် ဈေးများတွင် ရွှေဖရုံသီးကို အမြဲတွေ့ရှိရသည့်အတွက် အိမ်ရှင်မများ အဓိက ချက်ပြုတ်သည့် စားဖိုချောင်သီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။
အထူးသဖြင့် မိမိတို့နိုင်ငံမှထွက်ရှိသည့် အသီး အနှံတော်တော်များများသည် သဘာဝမြေသြဇာ (Organic) ဖြင့် စိုက်ပျိုးထွက်ရှိနိုင်ပြီး စားသုံးရာ တွင် ဘေးဥပဒ်အန္တရာယ်မဖြစ်နိုင်သဖြင့် စားသုံးသူ များ ပိုမိုနှစ်ခြိုက် ယုံကြည်စွာဖြင့် စားသုံးနိုင်သည် ကိုလည်း သိရှိရပါသည်။ ယခုအခါ မြန်မာ့လယ် ယာမြေဒေသထွက် အသီးအနှံများထဲတွင် တစ် မျိုးအပါအဝင်ဖြစ်သည့် ရွှေဖရုံသီးကို ပြည်တွင်းမှာ သာ စားသုံးကြသည်မဟုတ်ဘဲ နိုင်ငံတကာမှလည်း ဝယ်ယူ  တင်သွင်းနေပြီဖြစ်ပါကြောင်း သတင်း ကောင်း ကြားသိရပါသည်။
မြန်မာ့ရွှေဖရုံသီးကို စင်ကာပူနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်ကုမ္ပဏီ တစ်ခုမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းတွင် ပို့ကုန်လိုင်စင် လာရောက်လျှောက်ထား ရယူသွား ပြီဖြစ်ပါသည်။ ရွှေဖရုံသီးကို တင်ပို့ရာတွင် လေ ကြောင်းမှတင်ပို့ပြီး ထုပ်ပိုးမှုစနစ်ပုံစံမှာ လေဝင် လေထွက်ကောင်းစေရန်  ပီနံအိတ် အကြဲစားများ ဖြင့် ထုပ်ပိုးထားကြောင်း၊ တစ်အိတ်လျှင် ၃ ကီလို ဂရမ်ကျော် (၂ ပိဿာကျော်)ရှိသည့် ရွှေဖရုံသီး ၁၃ လုံးခန့်ပါဝင်ကြောင်း သိရပါသည်။ ရွှေဖရုံသီး များအား လုံးတူရွယ်တူ လှလှပပ တင်ပို့ခြင်းအား ဖြင့် ဝယ်ယူသူများ နှစ်သက်သဘောကျကြောင်း လည်း သိရပါသည်။ ထို့ကြောင့် သဘာ၀ မြေဆီ မြေနှစ်၊ မြေသယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုး ရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် လယ်ယာ ကဏ္ဍမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာ ဖွေပေးနိုင်သော အခြေခံကောင်းများ၊ အခွင့်အရေး ကောင်းများ ရရှိနေပြီဖြစ်ပါသည်။
ရွှေဖရုံသီးအလုံးရင့်ရင့်သည် အခြားသစ်သီး ဝလံ ဟင်းသီးဟင်းရွက်များထက် ကြာရှည်အထား ခံသဖြင့် ပြည်ပဈေးကွက်များသို့ ထိုးဖောက်တင်ပို့ ရန် အလားအလာ အားသာချက်များ ရှိပါသည်။ ထို့အပြင် ရွှေဖရုံသီးကို လှီးဖြတ်၍ အခြောက် ခံခြင်း၊ ရွှေဖရုံသီးထိုးမုန့်၊ ရွှေဖရုံသီးယို၊ ရွှေဖရုံသီး ပူတင်း စသည်ဖြင့် မြန်မာ့ရိုးရာ စားဖွယ်မျိုးစုံ ပြု လုပ်ပြီး စားသောက်ပွဲများတွင် အချိုပွဲအဖြစ် တည် ခင်းဧည့်ခံလျှင် ရောင်ဆင်းဝင်းဝါ ရသာချိုမြ စိတ် တိုင်းကျ၍ စားသူတိုင်း နှစ်သက်ကြပါသည်။ သို့ ဖြစ်ရာ နိုင်ငံတကာစားသုံးသူများ၏ လျှာပေါ်တွင် စွဲသွားစေမည့် ရွှေဖရုံသီး စားဖွယ်ရာများကို ခေတ် မီနည်းပညာများဖြင့် စိတ်ကူးတီထွင်ပြုလုပ်တင်ပို့ နိုင်ပါက အမျိုးမှန် အဖိုးတန်သည့် မြန်မာ့ရွှေဖရုံ သီးသည် နိုင်ငံတကာအလယ်တွင် ရေပန်းစားလာ မည့် စားဖိုဆောင်သီးနှံဖြစ်ပါကြောင်း  နိမိတ် ကောင်းကို ဖော်ကျူးရေးသားလိုက်ပါသည်။
သန်းအုန်း