Date : 29 July 2012
ကမ္ဘာ့ဒုတိယမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ၂၀၁၁ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇.၂ သန်းအထိ ရောက်ရှိစံချိန်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်လည်း တန်ချိန် ၇ သန်းမှ ၇.၃ သန်း အကြား တင်ပို့နိုင်ဖွယ်ရှိသည်ဟု အစိုးရက ခန့်မှန်းထားသည်။ ၂၀၁၅ ခုနှစ်အထိ ကာလအတွင်း တစ်နှစ်လျှင် အနည်းဆုံးဆန်တန်ချိန် ၆ သန်းမှ ၇ သန်းအထိ တင်ပို့သွားရန် ရည်မှန်းထားကြောင်း ၊ မဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်စိတ်တစ်ဒေသအဖြစ် ယင်းသို့ ဆန်တင်ပို့ရန် ရည်မှန်းချက် ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Tan Dung က ဇူလိုင်လ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြပါရှိလာသည်ဟု သိရသည်။
အဆိုပါ ညွှန်ကြားချက်သည် မဲခေါင်မြစ်ဝှမ်းဒေသ တစ်ခုတည်းအတွက်သာ ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အတွက်မူ မရည်ရွယ်ကြောင်း သိရသည်။ ဗီယက်နမ်မဲခေါင်မြစ်ဝှမ်းဒေသသည် နိုင်ငံစုစုပေါင်း ဆန်တင်ပို့မှု၏ ၉၀% ကို ထုတ်လုပ်ပေးနိုင်ကြောင်း ၊ စပါးစိုက်ပျိုးရန် ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း ဟက်တာပေါင်း ၁.၈ သန်း~၁.၈၅ သန်း ဝန်းကျင် (ဧကပေါင်း ၄.၄၅ သန်း ~ ၄.၅၇ သန်း) ထားရှိရမည်ဟု သတ်မှတ်ထားကြောင်း ၊ ယင်းဒေသတွင် မြို့ပြတည်ဆောက်မှုချဲ့ထွင်ခြင်းများ အရှိန်အဟုန်မြင့်လာသည့်တိုင်အောင် စပါးစိုက်ပျိုးမြေများ စွာ ချန်လှပ်ထားခြင်းမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တင်ပို့မှု တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။
Source : Brecorder.com
pa pa