ဗီယက်နမ်နိုင်ငံက သစ်ထုတ်ကုန်တင်ပို့မှု တိုးမြှင့်ရေးဆောင်ရွက်

Fri, 10/05/2012 - 09:14 -- Anonymous (not verified)

ဗီယက်နမ်နိုင်ငံမှာ သစ်သားပြုပြင်ထုတ်လုပ်တဲ့လုပ်ငန်း ၃၉၀၀ ကျော်ရှိတဲ့အနက် အများစုဟာ အလုပ်သမား အားထားနေရမှုနဲ့ ရင်းနှီးမြုပ်နှံငွေ အရင်းအနှီးအားဖြင့် အားနည်းသူများဖြစ်ပါတယ်။ သစ်ပြုပြင်ထုတ်လုပ်မှု ကဏ္ဍရဲ့ လုပ်နိုင်စွမ်းရည်ဟာ တစ်နှစ်ကို သစ်သား ၁၅ ကုဗမီတာနီးပါးရှိပါတယ်။ ၂၀၀၃ ခုနှစ်မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ ပျဉ်ပြားနဲ့ သစ်ထုတ်ကုန်တွေ အဓိကတင်ပို့ခဲ့ပေမဲ့ ယခုအခါတော့ လက်မှုထုတ်ကုန်များနဲ့ ပရိဘောဂများလည်း တင်ပို့နေပါတယ်။
ထုတ်ကုန်အမျိုးမျိုးကွဲပြားပြီး ကုန်သွယ်မှုလုပ်ငန်း မြှင့်တင်ခြင်းတို့ကြောင့် အဓိကဈေးကွက်တွေကို ပြည်ပတင်ပို့မှု သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ယှဉ်ရင် အမေရိကားကို တင်ပို့မှုဟာ ၃၁ ဒသမ ၃ ရာခိုင်နှုန်း၊ တရုတ်ကို တင်ပို့မှုမှာ ၂၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဂျပန်ကိုတင်ပို့မှု ၂၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ရဲ့ စာရင်းများအရ ယခုနှစ် ပထမ ၇ လအတွင်း သစ်နဲ့လက်မှုပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံရရှိထားပြီးဖြစ်လို့ ယခင်နှစ်ထက် ၂၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်တယ်လို့သိရပါတယ်။
ဗီယက်နမ်သစ်ထုတ်ကုန်များကို ယခုအခါ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၂၀ မှာ တွေ့ရှိနိုင်တယ်လို့ MARD မှဆိုပါတယ်။ အနောက်အာရှနဲ့ အီးယူအရှေ့ပိုင်းထိ ဈေးကွက်သစ်များ ထိုးဖောက်ခြင်းအပြင် ဖြန့်ဝေရေး ကွန်ယက်များ အလားတူတိုက်ရိုက်လက်လီဈေးကွက်တွေမှာ အခွင့်အရေးရှာဖွေဖို့ ရည်ရွယ်ခြင်းနဲ့အတူ ပြည်တွင်း ဈေးကွက်ကိုလည်း အလေးထားဆောင်ရွက်လာတယ်လို့သိရပါတယ်။
ဒါပေမဲ့ ဗီယက်နမ်ထုတ်ကုန်တွေဟာ ပြည်ပကတင်သွင်းလာတဲ့ ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းများဟာ ၎င်းတို့ရဲ့ထုတ်ကုန်များက နာမည်ကြီးအမှတ်တံဆိပ်မရှိခြင်း၊ အခြား ဈေးကွက်တွေရဲ့ ပစ္စည်းတွေလို အမြင်ကောင်းမှုမရှိခြင်းနဲ့ ဈေးနှုန်းမသင့်တင့်ခြင်းတို့ကြောင့် အားနည်းချက်များစွာ ရှိနေပါတယ်။ သစ်ပြုပြင်ထုတ်လုပ်ငန်းရဲ့ တိုးတက်မှုက ပြည်ပတင်ပို့မှုနဲ့ ပြည်ပဖောက်သည်တွေအတွက် ပြုပြင် ထုတ်လုပ်ပေးရတဲ့အပေါ် အခြေခံမူတည်နေပါတယ်။ အချို့သောလုပ်ငန်းရှင်များသာ ၎င်းတို့ရဲ့ကိုယ်ပိုင် ဒီဇိုင်း ထုတ်လုပ်ဖို့ လိုအပ်တဲ့နည်းပညာမှာ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် ဈေးကွက်မှာ ၎င်းင်းတို့ရဲ့အမှတ်တံဆိပ် အမျိုးအစား၊ တန်ဘိုးတက်လာအောင် ဆောင်ရွက်ကြတယ်လို့ဆိုပါတယ်။ လုပ်ငန်းရှင်အများစုမှာ ၎င်းတို့ရဲ့ အရင်းအနှီး အကန့်အသတ်ကြောင့် အမှာအော်ဒါများ ဖြည့်ဆည်းဖို့ အခက်အခဲတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ သားငါးထုတ်ကုန် ပြုပြင်ထုတ်လုပ်မှုနဲ့ ဆားလုပ်ငန်းဌာနမှ ငုယင်မင်ဒေါင်မှ အဆိုပြုရာမှာ သစ်အချောထည်လုပ်ငန်းရှင်များအနေနဲ့ ၎င်းတို့ထုတ်ကုန် အရည်အသွေးတက်အောင် အလေးထားသင့်တယ်လို့ဆိုပါတယ်။ ပရိဘောဂ၊ ဘောင်များနဲ့ လက်မှုပစ္စည်းထုတ်လုပ်မှုမှာ လုပ်ငန်းစဉ်ကွပ်ကဲမှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ဦးစားပေးမှုတွေကို ပြန်လည်ဖွဲ့စည်းဖို့လည်း လိုအပ်ပြီလို့ဆိုပါတယ်။ အသေးစားနဲ့အလတ်စား စက်ရုံများကိုမြှင့်တင်ခြင်း၊ အကြီးစားသစ်ပြုပြင်မှု အဆောက်အဦများ ဖွံ့ဖြိုးခြင်းနဲ့ ထုတ်ကုန်အမျိုးအစားများ တိုးချဲ့ခြင်းတွေကိုလည်း ၎င်းမှအကြံပြုထားပါတယ်။
စက်မှုလက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်ခေါင်းဆောင် Phan Thi Thank Minh  မှ ပြောကြားရာမှာ ဗီယက်နမ်နိုင်ငံဟာ သစ်သားကုန်ကြမ်းပုံမှန်ရောင်းချနိုင်ဖို့နဲ့ ပြည်ပမှတင်သွင်းမှုကို အားထားမှုလျော့ကျစေဖို့    သစ်တောစိုက်ပျိုးရေးကို အရှိန်မြှင့်တင်ရမယ်လို့ဆိုပါတယ်။ သစ်တောပြန်လည် စိမ်းလန်းစိုပြေရေးအတွက် လုပ်ငန်းရှင်များအနေနဲ့ ၎င်းတို့ရဲ့ သစ်တောပြန်လည်ထူထောင်ရေး ပရိုဂျက်များကို မြှင့်တင်ခွင့်ပြုဖို့နဲ့ အဲဒီပရိုဂျက်များ ပိုမိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ ချေးငွေများထောက်ပံ့ရေး MARD ကို တိုက်တွန်းထားကြောင်းလည်း ၎င်းမှ ပြောကြားပါတယ်။
လက်ရှိအခက်အခဲများရှိပေမဲ့ ရင်းနှီးမြှုပ်နှံမှုအသိပညာရှိတဲ့ လုပ်ငန်းရှင်များဟာ သုံးစွဲသူရဲ့ယုံကြည်မှုကို တည်ဆောက်ဖို့ အခွင့်အရေးရှိလို့ ဈေးကွက်တွေမှာ ၎င်းတို့ရပ်တည်မှုတိုးတက်လာမယ်လို့  ၎င်းင်းကဆိုပါတယ်။ အရည်အသွေးတိုးတက်မှု၊ ဒီဇိုင်းကွဲပြားမှုနဲ့ကုန်သွယ်ရေးအမှတ်တံဆိပ်ပြုလုပ်ခြင်းဟာ အောင်မြင်မှုရရှိရေးအတွက် အရေးပါတယ်လို့ဆိုပါတယ်။ ဒါ့အပြင်ကုန်ကြမ်းထုတ်လုပ်တဲ့လုပ်ငန်းရှင်များနဲ့ ပြုပြင်ထုတ်လုပ်မှုတွေဟာလည်း တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်ပူးပေါင်းညှိနှိုင်းသင့်တယ်လို့ဆိုပါတယ်။ အနာဂတ်မှာ သစ်တောထွက်ကုန်ပြုပြင် ထုတ်လုပ်မှုမှ နိုင်ငံစီးပွားရေးရဲ့ အဓိက လုပ်ငန်းများထဲက တစ်ခုဖြစ်လာဖို့ စက်မှုလက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနမှ ရည်မှန်းထားတယ်လို့ဆိုပါတယ်။
ယမင်းခင်
Source: VOV