ပြည်ပဈေးကွက်သို့ ဝင်ရောက်တော့မည့် မြန်မာ့ချင်းနက် (တိမ်ပြာနနွင်းခြောက်)

Mon, 10/15/2012 - 09:29 -- Anonymous (not verified)

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရင်းပို့ကုန်အမယ်သစ်များကိုလည်း ဈေးကွက်ထိုးဖောက်ဝင်ရောက် နိုင်ရေး
ကြိုးပမ်းလျက်ရှိရာ ယခင်က ချင်းအား ချင်းစို၊ ချင်းခြောက်၊ ချင်းခြောက်အလွှာပါးနှင့် ချင်းခြောက်(အမှုန့်) ဟူ၍ ပြည်ပသို့ တင်ပို့လျက်ရှိနေရာမှ ယခုအခါ မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ အမယ်သစ် ချင်းနက် ခြောက် ၁၀၀၀ ကီလိုဂရမ်အား ဂျပန်နိုင်ငံသို့တင်ပို့ရန် ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ရာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပို့ကုန်လိုင်စင် ထုတ် ပေးထားပြီးဖြစ် ကြောင်း သိရှိရပါသည်။ ချင်းနက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးထွက်ရှိပြီး ဒေသအခေါ် တိမ်ပြာနနွင်းဟု ခေါ်ဝေါ် ကြောင်း သိရှိရပါသည်။ ချင်းနက်ဆိုသော်လည်း ချင်းကဲ့သို့ ပူစပ်သောအရာမရှိဘဲ နနွင်းအရသာရှိပြီး ချင်းနက်အား ဝါးစားပါက သွားများကိုပင် မည်းနက်စေကြောင်း သိရှိရပါသည်။ ချင်းနက်အပင်မျိုးနွယ်မှာ ချင်းကဲ့သို့အရသာမရှိသော်လည်း နနွင်းတက်ကဲ့သို့ သေးသွယ်ခြင်းမရှိဘဲ ချင်းဥမအရွယ်ရှိသောကြောင့် ချင်းနက်ဟု ခေါ်ဝေါ်သတ်မှတ်ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အရသာနှင့် အပင်ပုံစံကိုအစွဲပြုပြီးဒေသတွင်း တိမ်ပြာနနွင်းဟု ခေါ်ဆိုကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ချင်းနက်ကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသသုံး တိုင်းရင်းဆေးဖော်စပ်စားသုံးရန် စိုက်ပျိုးမှု အနည်းငယ် သာရှိပြီး ပိဿာချိန် ၃၀၀၀၀ ခန့်သာ စုဆောင်းဝယ်ယူနိုင်ကြောင်းနှင့် ဒေသအတွင်း အမှုန့်ကြိတ်ကာ ပျားရည်နှင့်ရောစပ်ပြီး အားဆေးအဖြစ်သုံးစွဲကြကြောင်း၊ ပြည်တွင်းပြည်ပအမှာရှိပါက စိုက်ပျိုးပေးနိုင်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင် ချင်းနက် FOB တစ်ကီလိုဂရမ်ဈေးမှာ အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာဖြစ်သဖြင့် သင့်တင့်ကောင်းမွန်သည့် ဈေးနှုန်းရရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ချင်းနက်အား ပရဆေးဖော်စပ်ရန်နှင့် အလှကုန်လုပ်ငန်း များတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ချင်းနက်ကို ဂျပန်နိုင်ငံမှနှစ်သက်၍ ဆက်လက်ဝယ်ယူသည့်အပြင် အခြားနိုင်ငံများမှ ဝယ်လက် (Buyer) များရှာဖွေ နိုင်ပါက စိုက်ပျိုးထုတ်လုပ်ပေးနိုင်မည့် အမယ်တစ်မျိုးဖြစ်သည့် အတွက်ဈေး ကွက်သစ်များတိုးတက်ရရှိရေး ပို့ကုန်လုပ်ငန်းရှင် များမှ ရှာဖွေနိုင်ပါက နိုင်ငံခြားဝင်ငွေ ထိရောက်စွာ ရှာဖွေပေးနိုင်သည့် အမယ်သစ်ပို့ကုန် တစ်မျိုး ဖြစ်လာနိုင်ပါသည်။  တောင်သူများအနေဖြင့်လည်း ဈေးကွက်အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်သဖြင့် ချင်းနက်အား ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်သင့်ပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်။                               
စန္ဒာထွန်း (ပို့ကုန်)