မြန်မာ-အိန္ဒိယနှစ်ဖက်နိုင်ငံ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားတဲ့ နန့်ဖာလုံဈေးမှာ အဓိကရောင်းဝယ်ကြတဲ့ပစ္စည်းများထဲမှာ ဖယောင်းတိုင်ဟာဈေးကွက်ဝင်တွက်ချေကိုက်တဲ့ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ တမူးမြို့မှာ ဖယောင်းတိုင်လုပ်ငန်း လုပ်ကိုင်သူ (၆) ဦးရှိပြီး နန့်ဖာလုံဈေးတွင်ဈေးဆိုင်များဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချလျက်ရှိကြပါတယ်။ အရောင်းသွက်တဲ့ဖယောင်းတိုင်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်နဲ့ မိုးရေးမြို့များ နှင့်ကျေးရွာများက လာရောက်ဝယ်ယူလျှက်ရှိတယ်လို့သိရပါတယ်။
ဖယောင်းကုန်ကြမ်းမှာ တရုတ်ပြည်မှဖြစ်ပြီး မန္တလေးမှတစ်ဆင့်ဝယ်ယူရပါတယ်။ ၅၀ ကီလိုဝင် တစ်အိတ်မှာ ကျပ် ၇၃၀၀၀ ဖြစ်ပြီး သယ်ယူခ၊ လုပ်သားခအပါအဝင်တမူးအရောက် ဖယောင်းတစ်အိတ်ကို ကျပ် ၇၈၅၀၀ ဖြစ် ပါတယ်။ တစ်တန်ကို ကျပ် ၁၅၇၀၀၀၀ ကျပြီး ၁ ပိဝဿာကို ကျပ် ၂၄၀၀ နဲ့ ကျပ် ၂၅၀၀ ရှိပါ တယ်။ ဖယောင်းတိုင် လုပ်ငန်းရှင်များတစ်ဦးနဲ့တစ်ဦးထုတ်လုပ်မှုပုံစံခြင်းတူသော်လည်း အရွယ်အစားနဲ့ထုတ်ပိုးမှု မတူညီပါဘူး။ ဖောက်သည် များမှာယူတဲ့အပေါ်မူတည်ထုတ်လုပ်ကြရပါတယ်။ ရောင်းဈေးမှာအရွယ်အစားပေါ်မူတည်ပြီးဈေးနှုန်းကွဲပြားပါတယ်။ ဖယောင်း ၁ ပိဿာလျင် ထုတ်လုပ်မှုစရိတ်အနေဖြင့် (အလုပ်သမား၊ ထုတ်ပိုးခ၊ တံဆိပ်၊ မီးစာခ) ၃၀၀ ကျပ်နှင့် ဖယောင်းသား ၁ ပိဿာအပါအဝင် ကုန်ကျစရိတ်သည်၂၇၃၀ ရှိပြီး ရောင်းရငွေမှာ ၂၈၅၀ ဝန်းကျင်ရှိ၍ ၁ ပိဿာပေါ်တွင်အကြမ်းအမြတ် ၁၂၀ ကျပ်ခန့်ရှိကြောင်းသိရှိ ရပါတယ်။ ၁ တန်ပေါ်တွင်အကြမ်းအမြတ်ကျပ် ၇ သောင်းလောက် အမြတ်ရှိကြောင်းသိရပါတယ်။ လုပ်ငန်းရှင်တစ်ဦးလျင် လုပ်သား (၅) ယောက်မှ (၁၀) ယောက်အတွင်းရှိရာ ဖယောင်းထုတ်လုပ်မှု အတွက် ဒေသခံများအလုပ်အကိုင်ရရှိကြပြီး တစ်ရက်ပျမ်းမျှလုပ်ခ ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ ထိရရှိကြပါတယ်။ တမူးနယ်စပ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဖယောင်းတိုင်တင်ပို့ရောင်းချမှုမှာ ကန်ဒေါ်လာ ၀ ဒသမ ၂၅၆ သန်းဖိုးရရှိခဲ့ပြီး ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ (၆) လကာလမှာ ကန်ဒေါ်လာ ၀ ဒသမ ၁၆၅ သန်းဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူမှာ ကန်ဒေါ်လာ ၀ ဒသမ ၁၅၉ သန်းဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၀၆ သန်းဖိုးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းတစ်ခုအပါအဝင်ဖြစ်တဲ့ ဖယောင်းထုတ်လုပ်မှု လုပ်ငန်းသည် ပို့ကုန်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်လျက်ရှိပါကြောင်းသိရပါတယ်။
အေးအေးထွေး (တမူး)