စက်သုံးဆီတင်သွင်းမယ်ဆိုလျှင် ဇူလိုင်လ ၂၆ ရက်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းများကို မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးကျော်ဒွန်းက စက်သုံးဆီတင်သွင်းလိုတဲ့ ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန်သွယ်မှုစနစ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးရုံးတွင်ပင် လျှောက်ထားနိုင်တယ်၊ စခန်းမှရုံးချုပ်သို့ တင်ပြခွင့်ပြုချက် တောင်းခံပြီး မြိတ်စခန်းမှ လိုင်စင်ထုတ်ပေးမယ်၊ လိုင်စင်အတွက်ကျသင့်တဲ့အခွန်အခများကို သက်ဆိုင်ရာမြိတ်စခန်းရှိ အကောက်ခွန်ဌာနမှာဘဲ ပေးသွင်းရမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ စက်သုံးဆီဈေးနှုန်းကို တစ်ဖက်နိုင်ငံ ပေါက်ဈေးအတိုင်း ဖြစ်ဖို့လိုအပ်တယ်လို့ သိရပါတယ်။ စက်သုံးဆီအရည်အသွေးစစ်ဆေးခြင်းနဲ့ပတ်သက်လို့ စွမ်းအင် ဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့အရည်အသွေးအတိုင်း တင်သွင်းရန်နဲ့ အရည်အသွေးကိုက်ညီမှုရှိ/မရှိကို စွမ်းအင် ဝန်ကြီးဌာနက စစ်ဆေးသွားမှာဖြစ်တယ်။ တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီတင်သွင်းသူများအနေနဲ့ မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အသင်းဝင်ဖြစ်ရန်မလိုအပ်သော်လည်း တိုင်းဒေသကြီးစက်သုံးဆီ တင်သွင်း ဖြန့်ဖြူးမှု ကော်မတီကြီးကြပ်မှုနဲ့ တင်သွင်းရမှာဖြစ်သလို LPG Gas တင်သွင်းလိုတဲ့ ကုမ္ပဏီများအနေနဲ့ တင်သွင်းခွင့်ရရှိရေး စွမ်းအင်ဝန်ကြီးဌာနမှာ ထောက်ခံချက်လျှောက်ထားရန်လိုအပ်တယ်လို့ သတင်းရရှိပါတယ်။
Source:နကသ (မြိတ်)
ချမ်းမြေ့မောင်