နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဩဂုတ်လ ၁၈ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ် မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်‌‌ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် Green Lake Hotel ၌ China Media Group နှင့် Phoenix ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဩဂုတ် ၁၇

   (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ ဒုတိယနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသခဲ့ပြီး မြန်မာနိုင်ငံပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး ပြခန်းဆောင်အတွင်း ပြသထားသည့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးသွားနေရာများကိုလည်း ပြပွဲသို့ လာရောက်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

   တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာသီဟိုဋ်စေ့များကို စိတ်ဝင်စားကြပြီး မြန်မာနိုင်ငံမှ သီဟိုဋ်စေ့ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး လိုသဖြင့် ချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံပြခန်းဆောင်၏ ကုန်စည်ပြခန်းတွင် ပြသထားသည့် မြန်မာ့ထုတ်ကုန် ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များကို ပြပွဲသို့ လာရောက်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပါသည်။

   အဆိုပါကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နေ့စဉ် ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ မြန်မာပြခန်းဆောင်သို့ လာရောက်ကြည့်ရှုသူများမှ သိလိုသည်များကို မေးမြန်းရာ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဩဂုတ် ၁၇

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် “ ( ၇ ) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ” (7th China-South Asia Exposition  and 27th  China(Kunming) Export/ Import Fair) သို့ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ဩဂုတ်လ ၁၇ ရက်နေ့၊ ဒေသစံတော်ချိန် နံနက်(၉:၃၀) အချိန်တွင် Wyndham Hotel ၌ ကျင်းပသည့် ၅ ကြိမ်မြောက် တရုတ်-အရှေ့ တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

   အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Na Yunde၊  အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သည်များအသင်း ဥက္ကဋ္ဌတို့က အသီးသီးအဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။

   အဆိုပါဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို အာရုံစိုက်ဆောင်ရွက်ရန် အရေးပါသောအချိန်ကာလဖြစ်ပါကြောင်း၊ ယခုနှစ်ဖိုရမ်၏ အဓိကဆောင်ပုဒ်ဖြစ်သော “စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန် ဒေသတွင်းစက်မှုလုပ်ငန်း ကွင်းဆက်ကို အားပေးမြှင့်တင်ရန်” ဆိုသည့်အချက်ကို ထောက်ခံပါကြောင်း၊ ဤဆောင်ပုဒ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်အချက်ကို အထူးပြုနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တက်ကြွစွာပါဝင်ဆောင်ရွက်လျှက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍ များစွာတွင်  ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများတိုးချဲ့ရန် အလားအလာများစွာရှိနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်တည်ငြိမ်ရေး အတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့် အလမ်းကောင်းများကို ဖော်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် လိုအပ် ပါကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံအသီးသီး၏ မူဝါဒများနှင့် လိုအပ်ချက်များ၊ ရည်မှန်းချက်များအပေါ်တွင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဖိုရမ်ကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပခဲ့ရာ ၅ ကြိမ်မြောက် တရုတ် - အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်၏ အလှည့်ကျသဘာပတိအဖြစ် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဆောင်ရွက်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် အရှေ့တောင်အာရှ နိုင်ငံများမှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းများမှ ဥက္ကဋ္ဌများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ အစိုးရကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။

   မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်အတူ ကူမင်းမြို့၊ Haigeng Garden Hotel တွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွီပေါမှ တည်ခင်းဧည့်ခံသော အလုပ်သဘောနေ့လည်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဩဂုတ်လ ၁၇

   (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေလိုက်ပါ၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ China(Yunnan)Pilot Free Trade Zone ရှိ RCEP ကုန်စည်  ဖြန့်ဖြူးရေးစင်တာသို့ သွားရောက် လေ့လာခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးကို စင်တာမှ တာဝန်ရှိသူများက RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်စည်ပြခန်းနှင့် ရောင်းဝယ်ရေးစင်တာတွင် ပြသထားသော တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများမှ ထုတ်ကုန်များ ခင်းကျင်း ပြသရောင်းချနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် RCEP နိုင်ငံများမှ ထုတ်ကုန်များကို နိုင်ငံအလိုက် Studio အခန်းများမှ Online Live Streaming ဖြင့် တိုက်ရိုက်မိတ်ဆက်ရောင်းချနေမှု အခြေအနေများ၊ နေ့စဉ်ကုန်ပစ္စည်းများ ရောင်းချနိုင်မှုနှင့် ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။

   အဆိုပါစင်တာသည် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်များအား တရုတ်နိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချရာ တွင် မဟာဗျူဟာကျသည့် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်တည်ရှိပြီး ကုန်သည်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း များကို အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုလုပ်ငန်းများထည့်သွင်းထားသည့် ကုန်စည်ဖြန့်ဖြူးရေး စင်တာဖြစ်ပြီး မြန်မာထွက်ကုန်များကိုလည်း တရုတ်နိုင်ငံအတွင်း  online မှတစ်ဆင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဩဂုတ် ၁၅    

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် “(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ” သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်တွင် တည်ရှိသော  ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီ ( Yunnan Pan Test Technology Company ) ထံ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လယ်ယာထွက်ကုန်များစမ်းသပ်စစ်ဆေးနေမှု အခြေအနေကို လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးက ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာ များကိုလည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စွာဖြင့် တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့ပါသည်။

   ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း