တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု အနည်းငယ်လျော့ကျ

Wed, 01/18/2017 - 08:20 -- admin_ygn

၂၀၁၇ ဇန်နဝါရီလ ပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသုံးခုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၀၂ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၄၆၀၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ် ၄၀၆၃၂ တန်ကျော်၊ လွယ်ဂျယ်မှ ၆၆၄တန်နီးပါးနဲ့ ချင်းရွှေဟော်မှ ၄၇၉၂ တန်ခန့်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံမှ ပြောင်းတန်ချိန် ၄၉၃၂၀ ကျော်အထိ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတန်ချိန် သုံးထောင်ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ၃၁ရက်မှ ဇန်နဝါရီ ၆ရက် အထိ သီတင်းပတ်တွင် ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးမှာ ၂၃၃၂၇၀ ကျပ်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ ပြောင်းများကို တစ်ဖက်တရုတ်နိုင်ငံ ယူနန်၊ စီချွမ်၊ ကွမ်ကျိုး ပြည်နယ်များရှိ အသေးစားစက်မှု လုပ်ငန်းများမှ မုန့်လုပ်ခြင်းနဲ့ တိရစ္ဆာန်အစားအစာ အတွက် ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ အစိုဓာတ် ၁၃ ဒီဂရီထက်မကျော်တဲ့ ပိုးမထိုး၊ မှိုမတက်၊ အလုံးကြီးပြောင်းများကိုသာ ရွေးချယ်ဝယ်ယူကြောင်း မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ သတင်းရရှိပါတယ်။                  
  မော်မော်အောင်

Border Trade News

Pages