သရက်သီးရာသီချိန်ရောက်တိုင်း ပြည်ပတင်ပို့မှုကို များသောအားဖြင့် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့မှုများတာဖြစ်ပြီး ဖြစ်ခဲ့တဲ့ နှစ်နှစ်လောက်မှာတော့ စင်ကာပူကို လေကြောင်းမှ ဈေးကွက်တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ လေကြောင်းမှ စိန်တလုံးသရက်များ မလေးရှားနဲ့ ကိုရီးယား ကိုပါ ဈေးကွက်ချဲ့ထွင်တင်ပို့လျက်ရှိပြီလို့ သိရပါတယ်။
လေကြောင်းက ယခုနှစ်အတွင်း စင်ကာပူကို စိန်တလုံးသရက် ၈၇ တန်၊ မလေးရှားကို ၁၀ တန်နဲ့ တောင်ကို ရီးယားကို တန် ၃၀ တင်ပို့ဖို့အတွက် သက်ဆိုင်ရာဌာနစာရင်းအရ လိုင်စင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။ သရက်သီးကို နယ်စပ်လမ်းကြောင်းနဲ့ လေကြောင်း နှစ်ရပ်ပေါင်းတင်ပို့မှုအနေနဲ့ ယခုဘဏ္ဍာနှစ်အတွင်း ဇွန် ၁ ရက်အထိ တန်ချိန် ၂၁၄၀၀ နီးပါးရှိပြီး၊ ကန်ဒေါ်လာ ၈ ဒသမ ၄၈ သန်းဖိုးတင်ပို့ပြီးကြောင်း သိရပါတယ်။
ယခင်နှစ်ကာလတူက တန်ချိန် ၂၀၃၀၀ ခန့်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၇ ဒသမ ၅၉ သန်းရရှိခဲ့လို့ ယခုနှစ်ကာလ တူမှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ ယခင်နှစ် တစ်နှစ်လုံးက သရက်သီးစုစုပေါင်းတန်ချိန် ၄ သောင်းနီးပါးနဲ့ သရက်ပြားခြောက် တန်ချိန် ၃၃၀၀ ခန့်တင်ပို့နိုင်ကြောင်း သိရပါတယ်။ လတ်တလော မန္တလေးစိန်တလုံးများတင်ပို့မှုရှိ နေပြီး မကြာမီ လေကြောင်းလိုင်းမှ ရှမ်းတောင်စိန်တလုံးများ တင်ပို့နိုင်မှာတော့မှာဖြစ်ကြောင်းသိရပါတယ်။
ယမင်းခင်