နီပေါနိုင်ငံက ပို့ကုန်ဝင်ငွေမြှင့်တင်ဖို့နဲ့ လယ်သမားတွေဝင်ငွေတိုးတက်စေဖို့ ရည်ရွယ်ပြီး လယ်ယာထွက်ကုန် (၆) မျိုးကို တိုးမြှင့်တင်ပို့ဖို့ စီစဉ်နေကြောင်း သိရတယ်။ ၎င်းပစ္စည်း (၆) မျိုးမှာ ဂျင်း၊ ပျားရည်၊ ပဲနီလေး၊ လ္ဘက်ခြောက် ၊ ဖာလာစေ့နဲ့ ခေါက်ဆွဲခြောက်များ ဖြစ်တယ်။ ၎င်းပစ္စည်းများကိုနိုင်ငံခြားဈေးကွက်တွေရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် စီမံထုတ်လုပ်သွားမှာ ဖြစ်ကြောင်း၊ တင်ပို့မှုမြှင့်တင်နိုင်ပါက လယ်သမားတွေရဲ့ဘဝကိုပါမြှင့်တင်နိုင်မှာဖြစ်ကြောင်း၊ ယခင်နှစ်က ၎င်းပစ္စည်းများ (ပျားရည်မပါ) တင်ပို့မှုမှ ဝင်ငွေမှာ နီပေါရူပီး ၈ ဒသမ ၈၆ ဘီလီယံရရှိခဲ့ကြောင်း ကုန်သွယ်မှုနဲ့ ပို့ကုန် မြှင့်တင်ရေးဗဟိုဌာနက ပြောကြားတယ်။ ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်အတွင်း ၎င်းပစ္စည်းငါးမျိုးအနက် ဝင်ငွေအမြင့် ဆုံးပစ္စည်းမှာ ဖာလာစေ့ဖြစ်ပြီး ဝင်ငွေအနေနဲ့ ရူပီး ၃ ဒသမ ၅၀ ဘီလီယံရရှိခဲ့တယ်။ ၎င်းနောက် ပဲနီလေးတင်ပို့မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး နီပေါရူပီး ၂ ဒသမ ၆၈ ဘီလီယံရရှိခဲ့ကြောင်း ၊ လက်ဖက်ခြောက်တင်ပို့မှုမှ ရူပီး ၁ ဒသမ ၅၇ ဘီလီယံ၊ ခေါက်ဆွဲခြောက်တင်ပို့မှုမှ ရူပီး ၆၀၃ သန်းနဲ့ ဂျင်းတင်ပို့မှုမှ နီပေါရူပီး ၅၀၇ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း သိရတယ်။ ကုန်သွယ်မှုနဲ့ ပို့ကုန်မြှင့်တင်ရေး ဗဟိုဌာနအနေနဲ့ ၎င်းပစ္စည်းတွေရဲ့ အရည်အသွေးတိုးတက်ရေးအတွက် လယ်သမားတွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်။ ဒါ့အပြင် ပိုးသတ်ဆေးများ၊ အန္တရယ်ဖြစ်စေတဲ့ အမှုန်အမွှားများ၊ရောဂါပိုး များပါဝင်မှုရှိ မရှိကို စမ်းသပ်ပေးဖို့ ဌာနရဲ့ ဓါတ်ခွဲခန်းကို အရည်အသွေးပိုမို ကောင်းမွန်စေဖို့ ပြုပြင် မွမ်းမံထားပြီး ဖြစ်ကြောင်း၊ လယ်သမားတွေကို ဓါတုဓါတ်မြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေမသုံးစွဲဖို့ တွန်းအားပေးလျက်ရှိပြီး အော်ဂဲနစ်စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရေးအားပေးလျက်ရှိကြောင်း သိရတယ်။
Source: thehimalayantimes.com
ပပ