ယခုနှစ်အစောပိုင်းကာလမှစ၍ နယ်စပ်ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံ ဘက်သို့ မြန်မာ့ဆန်ဖြူများ တင်ပို့လာနိုင်ခဲ့ပါတယ်။ မိုးတွင်းကာလ ပုံမှန်ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုမပြုလုပ်နိုင်သော်လည်း နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း မတ်ထရစ်တန်ချိန် သုံးသိန်းကျော်တင်ပို့ပြီး ဖြစ်ပါတယ်။ ပုံမှန် ပင်လယ်ရေကြောင်းမှ မတ်ထရစ်တန်ချိန် သုံးသိန်းအောက်သာတင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ချိန် ခြောက်သိန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ဧည့်မထ ၂၅ %၊ ဧည့်မထ၁၅ %၊ ငစိန် ၂၅ % ဆန်များ အများဆုံးတင်ပို့ပြီး တရုတ်ဈေးကွက်တွင် မြန်မာ့ဆန်ဖြူလေးအဖြစ် နာမည်ပေါက်ပြီး ဈေးကွက်ရရှိခဲ့ပါတယ်။ တရုတ်ဈေးကွက်အတွင်း မြန်မာ့ဆန်များမှာ တစ်တန်လျှင် ၄၀၅ ဒေါ်လာမှ ၄၃၅ ဒေါ်လာ အတွင်းဈေးရရှိပြီး ယခင်ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် မြန်မာ ၂၅ မှတ် ဆန် တစ်တန်လျှင် ၃၅၀ ဒေါ်လာခန့်သာရရှိသဖြင့် ဆန်ဈေးမှာလည်း အနည်းငယ်ပိုရပြီး ဈေးကွက်ဝေစုလည်း ရရှိပြီး ဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်ဒေသမှ ပုံမှန်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလ အထိ ဆန်တန်ချိန် ၂၅၀၀၀ ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့ဆန်ဖြူများသည် အဓိကအားဖြင့် တရုတ်နိုင်ငံ၊ ဇီချွမ်ပြည်နယ်သို့ ထိုးဖောက်ဈေးကွက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဇီချွမ်ပြည်နယ်ရှိ အရက်ချက်စက်ရုံတစ်ခုမှ မြန်မာငစိန် ၂၅% ကို တန်ချိန် ၄ သောင်းကျော် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ဆန်ဖြူများကို အရက်ချက်ရာတွင်လည်းကောင်း၊ ဆန်ခေါက်ဆွဲပြုလုပ်ရန်အတွက်လည်းကောင်း အသုံးပြုကြောင်း သိရပါတယ်။ ဧည်မထ ၁၅ %ဆန်ကိုတော့ ထမင်းအဖြစ် နှစ်သက်စွာ စားသုံးကြကြောင်းသိရပြီး တရုတ်ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဖြူလေးအမည်ဖြင့် ကျယ်ပြန့်စွာနေရာရလာပြီဖြစ်ပါတယ်။ ယခင်နှစ်ကနယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေးမှ ဆန်တင်ပို့ရာတွင် အကန့်အသတ်များ ရှိခဲ့ သော်လည်း ယခုနှစ်တွင်ဖြေလျော့ပေးမှုများရှိခဲ့သောကြောင့် ပင်လယ်ရေကြောင်းမှတင်ပို့မှုထက် ပိုမိုနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ ယခုနှစ်အစောပိုင်းကာလကတည်းက တရုတ်ဘက်သို့ နယ်စပ်ဖြတ် ကျော်ပုံမှန် ကုန်သွယ်ရေးမှ ဆန်တင်ပို့နိုင်ခဲ့သော်လည်း တရုတ်ဘက်မှမြန်မာ့ဆန်များကို တရားဝင် ဝယ်ယူမှုမရှိ၍ အခက်အခဲကြုံတွေ့နေရခြင်းကို နှစ်နိုင်ငံအစိုးရအချင်းချင်းချိတ်ဆက် ဖြေရှင်းညှိနှိုင်းမှု ကြောင့် ဈေးကွက်အတွင်း
မြန်မာ့ဆန်များဈေးကွက်ရရှိလာခြင်းဖြစ်ပါတယ်။ ယခင်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့သော ငစိန် ၂၅ % ဆန်များသည်လည်းဈေးကွက်ပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ မြန်မာ့ဆန်ဖြူများဈေးကွက်သစ်ရရှိလာပြီဖြစ်သဖြင့် ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ တောင်သူလယ်သမားများဈေးကောင်းရရှိ၍ လူနေမှုဘ၀ မြင့်တက်လာမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ပါတယ်။
MMZ(လဂ)