ဒီဇင်ဘာ ၁၃
၂၀၁၂ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၉)ရက် နံနက် ၀၉း၀၀ နာရီ အချိန်က မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေး ကြိုးပမ်းမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအား ထင်ရှားစွာ ပြသနိုင်သည့်အတွက် လွန်စွာ ကျေနပ်မိပါကြောင်း၊ ဒေသတွင်းနိုင်ငံများ အိမ်နီးချင်းနိုင်ငံများအကြား ခိုင်မာသည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မဖြစ်မနေ တိုးမြှင့်ဆောင် ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကောင်းစုရွှင်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ အသီးသီး အမှာစကား ပြောကြားပါသည်။
ယင်းနောက် မြန်မာတရုတ် ကုန်စည်ပြပွဲအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ တယ်ဟုန် တိုင်းပြည်နယ် ပြည်သူ့ အစိုးရအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။