နေပြည်တော်- ဒီဇင်ဘာ၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မသန်စွမ်းအားကစားသမားများ ဂုဏ်ပြုဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနား ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၃၀) ရက် ညနေ(၁၆း၀၀)နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင်မှ ပြိုင်ပွဲများတွင်ရရှိခဲ့သောဒိုင်းဆုများအား ပြည်ထောင်စုဝန်ကြီးထံ အပ်နှံပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အားကစားအမျိုးအစားအလိုက် ဆုများပေး အပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများကိုယ်စား အားကစားသမား (၁)ဦး မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအပြီးတွင် ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် (၂၀-၁၁-၂၀၁၂) မှ (၂၅-၁၁-၂၀၁၂) ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂၃)ခု၊ ငွေတံဆိပ် (၁၆) ခု၊ ကြေးတံဆိပ် (၁၃)ခု ၊ ဆုတံဆိပ်စုစုပေါင်း (၅၂)ခုနှင့် ပထမတံခွန်စိုက်ဒိုင်းဆုကြီးကိုထိုက်ထိုက် တန်တန်ရရှိခဲ့ပါသည်။
DOTADMIN_News