မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီအစည်းအဝေး ကျင်းပခဲ့ခြင်း

Wed, 10/02/2024 - 05:11 -- Dotbilateral

     ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee-JMC)အစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တွဲဖက်အတွင်းဝန်(စီးပွားရေးအကြံပေး) Mr. Kamkhenthang Guite တို့မှ ဦးဆောင်၍ နှစ်ဖက်အဖွဲ့ဝင် ကိုယ်စားလှယ်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် အိန္ဒိယအစိုးရ၏ မတ်ပဲနှင့်ပဲစင်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် မူဝါဒကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပဲကုန်သွယ်မှုမှာ တိုးတက်လျက်ရှိနေပြီး နှစ်ဖက်လုံးမှ ကျေနပ်အားရဖွယ်အနေအထား၌ ရှိနေကြောင်း၊ လက်ရှိ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ၂၀၂၅ -၂၀၂၆ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ဆက်လက်ချုပ်ဆိုမည့် MoU အသစ်တွင် မတ်ပဲတင်ပို့မှုပမာဏသည် တန်ချိန် ၂.၅ သိန်းမှ တန်ချိန် ၅ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ပြီး ၊ ပဲစင်းငုံတင်ပို့မှုပမာဏသည် တန်ချိန် ၁ သိန်းမှ ၂ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နောက်ချုပ်ဆိုမည့် MoU တွင်လည်း လက်ရှိ Standard Operating Procedures (SOP) အတိုင်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ MoU သက်တမ်းကုန်ဆုံးမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်ဆုံးပါက ဆက်လက်ချုပ်ဆိုမည့် MoU အသစ်တွင် ပဲတီစိမ်းတန်ချိန် ၂ သိန်းနှင့် ပြောင်းတန်ချိန် ၅ သိန်းကို ထည့်သွင်းရန် မြန်မာဘက်မှ အဆိုပြုခဲ့ကြောင်း မှတ်တမ်းတင် ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊  ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်ခဲ့ပါသည်။