နေပြည်တော်- စက်တင်ဘာလ ၃ ရက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ကနေဒါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီး Mr.Edward Fast ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၃)ရက်၊ တနင်္လာနေ့ (၁၃း၀၀)နာရီ အချိန်တွင် လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံ အကြား စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးရာတွင် ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပဲမျိုးစုံ ထုတ်လုပ်တင်ပို့ ရောင်းချမှု၌ ပထမနှင့်ဒုတိယနေရာအသီးသီး တည်ရှိနေပါကြောင်း ထုတ်လုပ်တင်ပို့ရောင်းချမှု နည်းပညာအပိုင်းတွင် ကွာခြားမှုရှိနေသဖြင့် နည်းပညာနှင့်် ထုတ်လုပ်တင်ပို့မှု၊ အရည်အသွေး ထိန်းသိမ်းမှု အပိုင်းများအား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့်ကနေဒါနိုင်ငံတို့ အကြားနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပမာဏမှာနည်းပါးလျက်ရှိသဖြင့််ပိုမိုမြှင့်တင်နိုင်ရေးအတွက်အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ကနေဒါနိုင်ငံမှ ဖွဲ့ဖြိုးဆဲနိုင်ငံများအား ကုန်သွယ်မှု အထူး အခွင့်အရေး ပေးအပ်ထားသည့် GSP (Generalized System of Preference) အား မြန်မာ ကုန်သည် လုပ်ငန်းရှင်များမှ အပြည့်အ၀ အသုံးချနိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ထို့နောက် ကနေဒါနိုင်ငံ ကုန်သည်များအသင်းမှ ဒုတိယဥက္ကဌ Mr. Derek Van Pelt ဦးဆောင်သည့် စီပွားရေးလုပ်ငန်းရှင်များနှင့်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များသည် လုပ်ငန်းဆိုင်ရာ အသေးစိတ်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။