နောက်ဆုံးရ သတင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ ပြည်တွင်းစားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရန် မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဆီတင်သွင်းသည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး လမ်းညွှန်ချက်ပေးထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင် များအပြင် ပြည်ပမှ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆီတင်သွင်းသူလုပ်ငန်းရှင်အဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သူလုပ်ငန်းရှင်အဖြစ်ရောက်ရှိရေး စတင်ပြင်ဆင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ ဆီစက်လုပ်ငန်းများ တိုးတက်၍ အခွင့်အလမ်းကောင်း များရရှိနိုင်စေရန်နှင့် စားသုံးဆီထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး မြင့်မားလာစေရေးအတွက် အသင်းအဖွဲ့များက ဦးဆောင်၍ စီးပွားရေး နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားပါသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၏ ဥက္ကဌ၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဆီစက်များ အဆင့်မြင့်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းခဲ့သည်။
ဆွေးနွေးပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ၊ ဒုဥက္ကဌနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုဂ္ဂလိက ကဏ္ဍအား အသင်းချုပ်အနေဖြင့် အဓိကထားဦးဆောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုမြင့်တင်ရေးဆိုင်ရာပူးပေါင်းရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့ရေးကိစ္စများ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Chin Dwin Shan Co., Ltd. မှ လျှပ်စစ်သုံးယာဉ်များအတွက် အိမ်သုံးအားသွင်းစက် 7KW GB AC Charger (၅) ခုအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်းနှင့် အဆိုပါ Charger များ တင်သွင်းမှုအား ပြည်တွင်း လျှပ်စစ်သုံး ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြုထားကြောင်း သိရှိရ သည်။ လျှပ်စစ်သုံးယာဉ်များအား ဖြည့်သွင်းရာတွင် ယခုကဲ့သို့ အိမ်သုံး 7KW Charger များဖြင့် မိမိအိမ်တွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က အဖွင့် မိန့်ခွန်းပြောကြားခဲ့ရာ ကော်မတီအား ပြန်လည်ဖွဲ့စည်းပြီး (၆) လအတွင်း ဆောင်ရွက်ချက်များ မှာ ယခင်ထက်တိုးတက်မှုများရှိခဲ့ကြောင်း၊ အသိပေးအကြောင်းကြားစာများကို လုပ်ငန်းအဖွဲ့များအနေဖြင့် အချိန်မီပေးပို့နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆက်လက်ကြိုးပမ်း၍ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းအား ပိုမိုတိုးမြှင့်နိုင်ရေး အချို့သော Category များအား ပြောင်း ရွှေ့ခြင်း၊ အကောင်အထည်ဖော်မည့်ရက် ရှေ့တိုးသတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင် မည့် အလားအလာအား ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိူးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ပူးတွဲဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ နှစ်အလိုက် ဆောင်ရွက်မှုအခြေအနေများနှင့် အတွေ့အကြုံများ ကိုအခြေခံ၍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အပိုင်းအလိုက် (အာတီ ကယ်အလိုက်) ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် တစိုက်မတ်မတ်ကြိုးပမ်းဆောင် ရွက်သွားရန်၊ ပုံမှန်အားဖြင့်သတ်မှတ်အချိန်ဇယားအတိုင်း အသိပေးအကြောင်းကြားရသည့်ကိစ္စရပ် များ (Notification) နှင့်ပတ်သက်၍ ရာနှုန်းပြည့်ဆောင်ရွက်နိုင်သည့် အခြေအနေကို တွေ့ရှိရ ကြောင်းနှင့် ဆက်လက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအလိုက် ဆောလျင်စွာ ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားစိုက်လုပ်ကိုင်သွား ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အစီရင်ခံတင်ပြပါသည်။
ဆက်လက်၍ ကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၄) ဖွဲ့ ဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှုဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရေးအဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Individual Agency Programme ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများက လုပ်ငန်းအဖွဲ့ အသီးသီးအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ သည်။ ဆက်လက်၍ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူးရုံးအဖွဲ့က (၆) လအတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား ဆွေးနွေးတင်ပြခဲ့ပါ သည်။
အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မှတ်တမ်းတင်အတည်ပြုခြင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စား လှယ်များ အပါအဝင်စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၃) ပုံမှန်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် ကော်မရှင်သို့ တိုင်ကြားမှုများအပေါ် ဆုံးဖြတ်ချက်ချမှတ်ခြင်းကိစ္စများ၊ ယှဉ်ပြိုင်မှုဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများအပေါ် အများပြည်သူက လွယ်ကူစွာသိရှိ နားလည်စေရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် နည်းဥပဒေများအား ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၇၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။