နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်ရှိ တောင်ဒဂုံ စားအုန်းဆီသန့်စက်ရုံ (South Dagon Oil Mill Co., Ltd.) သို့ ယနေ့ နေ့လည်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ရှိသူများ က စက်ရုံသမိုင်းကြောင်း၊ စက်စွမ်းအား၊ ဝန်ထမ်းအင်အား၊ လက်ရှိကုန်ကြမ်းရရှိမှု အခြေအနေ၊ စားအုန်းဆီသန့် ထုတ်လုပ်နိုင်မှုအခြေအနေ၊ အများပြည်သူစားသုံးရန်ဖြန့်ဖြူးရောင်းချနိုင်မှုအခြေ အနေ၊ ဘေးထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က သတ်မှတ်အရည်အသွေးများနှင့်အညီ ထုတ်လုပ်ရန်၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချ နိုင်ရေးအတွက် ကုန်ထုတ်စွမ်းအားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှုစရိတ်ကို တတ်နိုင်သမျှလျှော့ချပြီး သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံ တာဝန်ရှိသူများက စားအုန်းဆီကြမ်းများအား အချွဲချွတ်ခြင်း၊ အချဉ်ချွတ်ခြင်း၊ အရောင်ချွတ်ခြင်း၊ အနံ့ ချွတ်ခြင်း၊ ဆီအကြည်နှင့် အခဲခွဲထုတ်ခြင်းတို့ကို ဆီကြမ်းမှ ဆီချောထွက်ရှိသည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြသခဲ့သည်။
တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်၊ ပဲခူးမြစ်လမ်းပေါ်၌ တည်ရှိပြီး ဝန်ထမ်းအင်အား ၈၅ ဦးဖြင့် စက်တပ်ဆင်အင်အား တစ်ရက်လျှင် စားအုန်းဆီကြမ်း တန်ချိန် ၁၅၀ ကို သန့်စင်ပေးနိုင်ကြောင်းသိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းစိုက်ဧက ၁၄၆၀၀ မှ ထွက်ရှိသည့် ဆီသီးခိုင်များကို ဆီကြိတ်ခွဲပြီး စားအုန်း ဆီကြမ်းများကို ရန်ကုန် တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံသို့ သယ်ယူ၍ စားအုန်းဆီကြမ်းမှ ဆီသန့်ရရှိ သည်အထိ အဆင့်ဆင့်ကြိတ်ခွဲထုတ်လုပ်လျက်ရှိပါသည်။ လက်ရှိတွင် ကုန်ကြမ်းရရှိမှု အခြေအနေ အရ တစ်လလျှင် ပျမ်းမျှစားအုန်းဆီကြမ်းတန်ချိန် ၂၀၀၀ မှ ဆီသန့် (RBD Palm Olein) တန်ချိန် ၁၂၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများနှင့် စားသောက်ဆိုင် များသို့ အဓိကဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် ဘေးထွက်ပစ္စည်းများဖြစ်သည့် စားအုန်းဆီအနှစ် အခဲ (Palm Stearin) များအား တိရိစ္ဆာန်အစာ၊ ဇီဝလောင်စာ၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Unitrust Enterprise Group of Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် AIQAR iCAR 03 နှင့် AIQAR eQ7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Mandalar Min Trading & Transportation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် ASIASTAR အမျိုး အစား လျှပ်စစ်သုံးခရီးသည်တင်ယာဉ်နှင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် ZHONG TONG အမျိုးအစား လျှပ်စစ်သုံးခရီးသည်တင်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂-၈-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ပါကြောင်း သတင်းရရှိပါသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW BESTUNE NAT E05 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA S နှင့် ARCFOX အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ပါသဖြင့် (၁-၈-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
နေပြည်တော်၊ဇူလိုင်လ၃၁
ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၂၄ခုနှစ်၊ဇူလိုင်လ၃၁ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံး၊အစည်းအဝေးခန်းမ(၁)၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များ၊ ဒေသထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအညွှန်း အကာအကွယ်ပေးခြင်းစနစ်သည်လည်း များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အခန်း (၁၆) မှ ဒေသဆိုင်ရာအညွန်း အကာအကွယ်ပေးမှုနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေများကို ပြဋ္ဌာန်းရန်လိုအပ်နေပါကြောင်း၊ ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)အား မူပိုင်ခွင့်ဦးစီးဌာနမှ ၂၀၂၁ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး အဆိုပါနည်းဥပဒေများ(မူကြမ်း)အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များမှ သဘောထားမှတ်ချက်များ တောင်းခံရရှိထားပြီးဖြစ်၍ ယခုညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များအရ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံတို့က ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာ ပုံစံများ (မူကြမ်း)တို့နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဖိတ်ကြား ထားသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အဆိုပါဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်း ကျင့်သုံး နိုင်ပါက မြန်မာနိုင်ငံတွင်း ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ကျောက်ဆည်စိန်တလုံး၊ ပုဂံယွန်း ကဲ့သို့သော ဒေသထွက်ကုန်များကို အရည်အသွေးမီစွာဖြင့် နိုင်ငံ တကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် ထုတ်ကုန် တန်ဖိုး တိုးမြှင့်ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၈၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။