နောက်ဆုံးရ သတင်း

နေပြည်တော်၊ ၂၆ ဒီဇင်ဘာ

      

     ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ- တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် (စီမံကိန်းကုမ္ပဏီ)တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ချုပ်ဆိုခဲ့ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်ပါ အချက်အလက် အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး ၏လုပ်ပိုင်ခွင့်အာဏာနှင့်တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ်နိုင်ရန် လိုအပ်သဖြင့်လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ( Concession Agreement) အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့် လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ် တို့အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် တွန်းအားပေးပါမည်။ ဤစီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ပါမည်။

     ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်း ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ ၃၀ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ရာခိုင်နှုန်းပါဝင်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီးစီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ယင်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး(Gateway)အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

     မြန်မာ-တရုတ်နှစ်ဘက်လုံးသည်စီမံကိန်းဆိုင်ရာကနဦးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ၂၀၂၂ခုနှစ်မှစတင်ကာ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာတိုင်းတာစစ်ဆေးမှု လုပ်ငန်း(PGTS)နှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)တို့ကို လုပ်ဆောင်ခဲ့ရုံသာမကကမ္ဘာပေါ်၌နာမည်ကျော်ကြားသော ကနေဒါနိုင်ငံအခြေစိုက် စီမံကိန်း စီမံခန့်ခွဲမှုကုမ္ပဏီHATCH အား စီမံကိန်းအတိုင်ပင်ခံအဖြစ် ခန့်အပ်ထားပြီး ၎င်း၏ အကူအညီဖြင့် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိတွင် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာ စစ်ဆေးမှု လုပ်ငန်း (PGTS)ကို ပြီးစီးပြီဖြစ်ရာ သက်ဆိုင်သည့် ပထဝီမြေမျက်နှာသွင်ပြင် ဆိုင်ရာနည်းပညာ အစီရင်ခံစာများသည် စီမံကိန်းနောက်ဆက်တွဲဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)သည် စီမံကိန်း၏အနာဂတ်တည်ဆောက်မှုနှင့် လည်ပတ်မှုလုပ်ငန်းစဥ်တို့ကြောင့်ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ရန်နှင့် ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာစေရန် အစီအမံများ ချမှတ်ရေးအတွက် ရည်ရွယ်ပါသည်။ စီမံကိန်း ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအား တင်းတင်းကြပ်ကြပ်လိုက်နာပြီး နိုင်ငံတကာ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြင့် ပြည်တွင်းအတွေ့အကြုံနှင့် နိုင်ငံတကာအမြင်များ ပြည့်ဝသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်း(ESIA)အတိုင်ပင်ခံကုမ္ပဏီအား ခန့်အပ် ထားခြင်းလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း(ESIA) အတိုင်ပင်ခံကုမ္ပဏီသည် ရေနက်ဆိပ်ကမ်း စီမံကိန်းဝန်းကျင်ရှိ သဘာဝပတ်၀န်းကျင်ဆိုင်ရာ အခြေခံအခြေအနေများကို သိရှိ နားလည်နိုင်စေရန် လေ့လာဆန်းစစ်ခြင်းနှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ် (public participation activities)များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ရယူခဲ့ကြပါသည်။ လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA) သည်လည်းစီမံကိန်း၏ နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း အဆင့် လုပ်ငန်းများအားပြီးစီးပြီဖြစ်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Report) သည်မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အတည်ပြုချက်အား ရရှိထားပြီးဖြစ်ပါသည်။ ESIA ၏နောက်ဆက်တွဲ လုပ်ငန်းများအား မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများနှင့်နိုင်ငံတကာ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အား စိမ်းလန်း၍ခေတ်မီသောဆိပ်ကမ်းတစ်ခု ဖြစ်လာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ပါသည်။

     ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP" ("People၊ Prosperity၊ Planet") ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့် အခြေခံမူကြီး ၃ ချက် အပေါ်မှာ မူတည်ပြီး  အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို တက်တက် ကြွကြွဆောင်ရွက်နေချိန်တွင် မြန်မာ-တရုတ် နှစ်ဘက်လုံးသည် ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝများ တိုးတက်မြှင့်တင်ပေးနိုင်ရန် အထူး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဖြူဒေသ၌ ကျေးလက်ရန်ပုံငွေ စီမံကိန်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးခြင်းစီမံကိန်း အစရှိသည့်လူမှုအကျိုးပြုစီမံကိန်း ၁၀ ခု ကျော်အား တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါစီမံကိန်းများ မှဒေသခံ ထောင်ပေါင်းများစွာအကျိုးခံစားခဲ့ရပါသည်။ စီမံကိန်း၏အနာဂတ်တည်ဆောက်ရေးနှင့်လည်ပတ်ရေးအဆင့်များတွင်လည်း ပြည်တွင်းပြည်ပ လူမှုအကျိုးပြုမိတ်ဖက်အဖွဲ့အစည်းများအား ဆက်လက်၍ဖိတ်ခေါ်လက်တွဲကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ခြင်းစသည့် ပြည်သူများလိုအပ်နေသောနယ်ပယ်များတွင် အားထုတ်ဆောင်ရွက် သွားပါမည်။ စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေးအဆင့်၏ ပထမ ၅နှစ်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ထည့်ဝင်ပြီး CSRနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပါမည်။ လူမှုအကျိုးပြု CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတို့၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ‌ဒေသခံအဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင်မှုကို ဖိတ်ခေါ်လိုပြီး  အကျိုးသက်ဆိုင်သူများ၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကိုလည်း သေချာစွာနားထောင်လိမ့်မည်။

      ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိမည်ဖြစ်ကာ  စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုကို မြန်မာနိုင်ငံသားများအား ခန့်အပ်လုပ်ကိုင်စေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို  အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်ကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအားမြှင့်တင်ပေးနိုင်တဲ့အတွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သား တစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

     စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှလုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်      - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

                            မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲ

ဆက်သွယ်ရန်ဖုန်း - ၀၆၇၃၄၀၈၆၄၈

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှု နှင့် အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရ မည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄၉၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင်ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထား သည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် Hongqi EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၂-၁၂-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်နေ့မှ 15 ရက်ထိ တွင် တန်ဖိုး အမေရိကန်ဒေါ်လာ 254 သန်းကျော် ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက် ဆန်၊ ဆန်ကွဲ ၊ နှမ်း ၊ ဖရဲ ၊ သခွား ၊ တစ်သျှူးငှက်‌ပျော သစ်သီးဝလံများ ၊ ရော်ဘာ ၊ ကော်ဖီ စသည့် နှစ်ရှည်သီးနှံထွက်ကုန်များ ၊ သွပ် ၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။ 

          ယခုရက်သတ္တပတ်တွင် ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ 32 သန်းရရှိပြီး ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယ်သာလန် အပါအဝင် နိုင်ငံပေါင်း (၂၀) နိုင်ငံသို့ (၅၇၆၅၉)တန်နှင့် နယ်စပ်မှ လွယ်ဂျယ်၊ ကံပိုင်တည်၊ ကျိုင်းတုံစခန်းများမှ (၃၉၆၀) တန် တင်ပို့ခဲ့သည်။

          ကမ္ဘာ့ဆန်စပါးဈေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန် ရောင်းလိုအား /ဝယ်လိုအား မြင့်မားမှုများဖြစ်ပေါ်လာပြီး ဆန်တင်ပို့/ ဆန်တင်သွင်းနိုင်ငံများ၏ နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ မိုးစပါး၊ နွေစပါး ထွက်ရှိမှုမှာ ညီမျှ ဆန်တန်ချိန် 13 သန်းရှိပြီး ပြည်တွင်းစားသုံးမှုမှာ ဆန်တန်ချိန် 9.5 သန်းရှိသဖြင့် ပိုလျှံမှုတန်ချိန် 3 သန်းကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိသည်။ နှစ်အလိုက် ပြည်ပတင်ပို့မှုတွင် ဆန်၊ ဆန်ကွဲ တန်ချိန် 3.6 သန်းအထိ အများဆုံးတင်ပို့နိုင်ခဲ့သည်။

          မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး စားရေရိက္ခာဖူလုံသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ စားသုံးမှုမှ ပိုလျှံသမျှကို ပြည်ပတင်ပို့ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေရရှိနိုင်ရေးသည် လည်း  အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ယခုနှစ်၌ ကမ္ဘာ့ဆန်ဝယ်လိုအား တက် လာပြီး ကမ္ဘာ့ဆန်ဈေးကွက်အသီးသီးရှိ ဆန်ဈေးနှုန်းများမြင့်မားလာမှုနှင့်အတူ ကုန်စည်စီးဆင်းမှု (Commodity  Flow) တွင် ပါဝင်သည့် ပြည်တွင်းတောင်သူများ၊ လုပ်ငန်းရှင်များလည်း ပို့ကုန် တင်ပို့မှု၌ အမြင့်ဈေးရရှိပြီး တွက်ခြေကိုက်မှုရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းဆန် ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဆန်လက်ကျန် အလုံအလောက်ရှိစေရေးကို သက်ဆိုင်ရာအသင်းအဖွဲ့များ၏ ဦးဆောင်မှုဖြင့် စီမံထိန်းကျောင်း ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

          စပါးမျိုးကောင်းမျိုးသန့်များဖြင့် စက်မှုလယ်ယာစနစ်ကို ဝိုင်းဝန်းဖော်ဆောင်ခြင်းဖြင့် စပါး အထွက်နှုန်း များစွာတိုးစေပြီး ပြည်ပနိုင်ငံများစွာသို့လည်း ပိုမိုတင်ပို့လာနိုင်မည်ဖြစ်သည်။

          ပြည်ပသို့ လုပ်ငန်းရှင်များ ဆန်၊ ဆန်ကွဲ ပိုမိုတင်ပို့နိုင်စေရေးအတွက် ယခင်က Pre-License Cargo Inspection ကုန်ပစ္စည်းသိုလှောင်ထားရှိမှု စစ်ဆေးခြင်းကို ပို့ကုန်လိုင်စင်ပမာဏ၏ ၁၀၀

ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ရာမှ 2023 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့မှစ၍ ၅၀ ရာခိုင်နှုန်းထိ လျော့ချ၍ခွင့်ပြု ပေးလျက်ရှိသည်။ အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းရှင်များ အတွက် နိုင်ငံတော်မှ အားပေးကူညီသောအားဖြင့် ဆန်၊ ဆန်ကွဲ တန်ချိန် ၂၆၀ နှင့်အောက် ပို့ကုန် လိုင်စင်လျှောက်ထားမှုများအတွက် ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စစ်ဆေးခြင်းကို ဖြေလျော့ ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။

          ပြည်တွင်းရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆန်စပါးအပြင် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ ၊ လယ်ယာထွက်ကုန်များအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထွက်ကုန်များအား ယခုထက် ပိုမိုတင်ပို့နိုင်ရေးကို တောင်သူအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ် ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အသိပေး အပ်ပါသည်။

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Neta U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ The Golden Octopus Co., Ltd., မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 (Mulan) အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် MG, ZS EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်၂၁-၁၂-၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း