အာရှ-ပစိဖိတ်နိုင်ငံများ၌ စီးပွားရေးလုပ်ငန်း လွယ်ကူစွာဆောင်ရွက်နိုင်မှုကို စစ်တမ်းကောက်ယူခဲ့ရာ ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်က အဆင့် ၉ နေရာမှ ယခုနှစ်တွင် အဆင့် ၁၂ သို့ ကျဆင်းသွားကြောင်း အာရှငွေကြေးလုပ်ငန်းနှင့် ငွေကြေးဈေးကွက်အဖွဲ့ (Asia Securities Industry and Financial Markets Association -ASIFMA) က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် စာရင်းအရ အာရှ-ပစိဖိတ်နိုင်ငံ ၁၃ နိုင်ငံအနက် စင်ကာပူသည် ပျမ်းမျှရမှတ် ၇.၆၇ဖြင့် ပထမနေရာတွင်လည်းကောင်း၊ ဟောင်ကောင်သည် ရမှတ် ၇.၃၈ ဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ သြစတြေးလျသည် ရမှတ် ၇.၁၆ ဖြင့် တတိယနေရာတွင်လည်းကောင်း၊ ထိုင်ဝမ်သည် ရမှတ် ၆.၆၁ ဖြင့် စတုတ္ထနေရာတွင်လည်းကောင်း၊ ဂျပန်နိုင်ငံသည် ရမှတ် ၆.၆ ဖြင့် ပဉ္စမနေရာ၌လည်းကောင်း အသီးသီးရှိနေခဲ့ပြီး ထိုင်းနိုင်ငံသည် ရမှတ် ၅.၃၈ ဖြင့်ဗီယက်နမ်၏အထက် အဆင့် ၁၂ တွင် ရှိခဲ့ကြောင်း ASIFMA က ဆိုသည်။
ASIFMA သည် စီးပွားရေးလုပ်ငန်း လွယ်ကူစွာဆောင်ရွက်နိုင်မှုကို စစ်တမ်းကောက်ယူရာတွင် စျေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊ လုပ်ငန်းပတ်ဝန်းကျင်နှင့် စည်းမျဉ်းစသည့် ကဏ္ဍသုံးရပ်အပေါ် အကဲဖြတ်ခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ စျေးကွက်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၌ အားသာမှုမှာ ငွေပေးချေမှုအခြေခံအဆောက်အအုံဖြစ်ပြီး ၂၀၂၂ ခုနှစ်၏ ပြောင်းလဲမှုရလဒ်များကြောင့် စားသုံးသူနှင့် ကြွယ်ဝမှုတိုးတက်လာနိုင်ကြောင်း၊ လုပ်ငန်းပတ်ဝန်းကျင်ကဏ္ဍတွင် ၂၀၂၂ ခုနှစ်က ယဉ်ကျေးမှုနှင့် လူမှုဘဝအချက်များက အားသာခဲ့သော်လည်း ယခုနှစ်တွင် ယှဉ်ပြိုင်နိုင်မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့က အားသာနေကြောင်း၊ စည်းမျဉ်းကဏ္ဍတွင် ယမန်နှစ်များကဲ့သို့ပင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအပေါ် တားမြစ်မှုနည်းပါးခြင်းက အားသာချက်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။
ASIFMA ၏ ၂၀၂၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် နှစ်စဉ်စစ်တမ်းများအရ ထိုင်းနိုင်ငံသည် ၂၀၂၁ခု နှစ်တွင် အဆင့် ၅ နေရာမှ ၂၀၂၂ ခုနှစ်တွင် အဆင့် ၉ ၊ ၂၀၂၃ ခုနှစ်တွင် အဆင့် ၁၂ ဟူ၍ ဆက်တိုက် ကျဆင်းနေသည်ကို တွေ့ရပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကောက်ယူခဲ့သော စစ်တမ်းအရ အာရှ - ပစိဖိတ်ဒေသတွင် စီးပွားရေးတိုးချဲ့ရန် ရည်ရွယ်ထားသူများသည် ပြီးခဲ့သည့်နှစ်ကထက် ၂၄ % ကျဆင်းခဲ့ပြီး ၄၀ % သာရှိပါသည်။ အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေး တိုးချဲ့လိုသူများသည် စတော့ဈေးကွက်များ၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုနှင့် ငွေချေးစာချုပ်ကဲ့သို့သော လုပ်ငန်းများကိုသာ တိုးချဲ့ဆောင်ရွက်လိုခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် “The Nation” သတင်းစာ တွင် ဖော်ပြထားပါသည်၊၊
ရင်းမြစ်။ The Nation