ကထိန်သင်္ကန်းကပ်လှူခြင်း

Thu, 11/29/2012 - 07:32 -- Anonymous (not verified)

kahtain  kahtain2  kahtain3  kahtain4  kahtain5
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် ၊မြန်မာ့ ကုန်ပစ္စည်း စစ်ဆေးရေး စမ်းသပ်မှု လုပ်ငန်းလီမိတက်နှင့် အငှားယာဉ်လုပ်ငန်း ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ်မြောက် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်း ပွဲအခမ်းအနားကို ယနေ့နံနက် (၉ ၃၀) နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ပြီး ကထိန်သင်္ကန်း ဆပ်ကပ်လှူးဒါန်းခဲ့ပါသည်။

အစီအစဉ်အရ နေပြည်တော် ပျဉ်းမနားမြို့ ဘုရားကြီးတောရကျောင်းတိုက် ပဓာန နာယကဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဓမ္မပါလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်သရဇျယ်တော်မူကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဆရာတော် သံဃာတော်များကို ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပါသည်။

ယင်းနောက် ပျဉ်းမနားမြို့ ဘုရားကြီးတောရကျောင်းတိုက် ပဓာနနာယကဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဓမ္မပါလထံမှ ကထိန် အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။