ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးလုပ်ဆောင်ခြင်းဖြင့် တွေ့ကြုံရတဲ့ အခက်အခဲများဖြေရှင်းနိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုအောင်မြင်မှုရရှိစေနိုင်

Thu, 09/13/2012 - 07:30 -- Anonymous (not verified)

ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးများလုပ်ဆောင်ခြင်းဟာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲများဖြေရှင်းနိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများပိုမိုအောင်မြင်နိုင်မဲ့နည်းလမ်းများ၊ အကြံဉာဏ်ကောင်းများ ရရှိနိုင်စေပါတယ်လို့ သြဂုတ်လ ၂၆ ရက်နေ့က ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကျင်းပတဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟာ တိုင်းပြည်ရဲ့ကုန်သွယ်စီးပွားလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ မိမိနိုင်ငံရဲ့သဘာအခြေအနေနဲ့ သတင်းအချက် အလက်များ၊ကုန်သွယ်ဘက်နိုင်ငံရဲ့ ဝယ်လိုအား ရောင်းလိုအား၊ ကုန်သွယ်ဘက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနဲ့ ပေါင်းသင်းဆက်ဆံရေး၊ ဇွဲ၊ လုံ့လ ဝီရိယ၊ အကျိုးနဲ့အကြောင်း၊ အဆိုးနဲ့အကောင်း၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံရန်လည်း လိုအပ်မယ်လို့ ဦးဖေကြိုင်ကဆိုပါတယ်။ ဝန်ကြီးဌာနမှလည်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ လူမှုစီးပွားတိုးတက်စေရန် အတွက် နိုင်ငံတော်မှရည်မှန်းတဲ့ လုပ်ငန်းများအပြင် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက်၊ ကဏ္ဍအလိုက်၊ မူဝါဒလုပ်ငန်းစဉ်အသေးစိတ် (Sectorial Policy & Plan ) ရေးဆွဲနိုင်ရေးမှာ ကုန်သည်လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်စေလိုတယ်။ ကုန်သွယ်မှု ပိုမိုမြင့်မားဆောင်ရွက်စေနိုင်မယ့် အချက်များနဲ့ ကုန်သွယ်မှုလုပ်ငန်း များဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲများ၊ ကုန်သွယ်မှုအတားအဆီးများကို မိမိတို့နယ်စပ်ရုံးအနေနဲ့ ဆောင်ရွက်ပေးနိုင်တာတွေကိုဆောင်ရွက်ပေးမှာဖြစ်ပြီး ရုံးချုပ်သို့တင်ပြရမဲ့ကိစ္စဆိုလျှင်လည်း ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမယ်လို့ ဦးဖေကြိုင်ကအသိပေးပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးကုမ္ပဏီလုပ်ငန်းများကို ဆောင်ရွက်ရာမှာ လာရောက်လုပ်ကိုင်နေကြတဲ့ Agent  များဟာ တရားမဝင် Agent  များဖြစ်နေတယ်။ တရားဝင် Agent  လိုင်စင်အမြန်ဆုံးပြုလုပ်ရန်လိုအပ်နေကြောင်း၊ တရားမဝင် Agent  များနဲ့လုပ်ဆောင်နေတဲ့ ကိစ္စများမှားယွင်းပါက ကုမ္ပဏီတွင်သာတာဝန်ရှိလာမှာဖြစ်တယ်၊ နောင်မှာ ကုန်သွယ်မှု လုပ်ငန်းများပိုမို ဖွံ့ဖြိုးလာတော့မှာ ဖြစ်တဲ့အတွက် ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိထားကြရန် လိုအပ်ကြောင်းနဲ့ OSS ဌာနများရဲ့ လုပ်ထုံး လုပ်နည်းများကို အချိန်မရွေးတွေ့ဆုံမေးမြန်းနိုင်ကြောင်း လုပ်ငန်းရှင်များအား ဦးဖေကြိုင်က ရှင်းလင်းပြောကြား ခဲ့ပါတယ်။  နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာမှာ နှစ်နိုင်ငံဘဏ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ တရားဥပဒေ ဘောင်အတွင်းမှာ ပို့ကုန်^သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်အောင် OSS အဖွဲ့ဝင်ဌာန ဆိုင်ရာများမှ ဝိုင်းဝန်းပံ့ပိုးကူညီသွားရန်၊ နိုင်ငံတော်ကချမှတ်တဲ့အမိန့်ညွှန်ကြားချက်များကို OSS အဖွဲ့ဝင်ဌာနများက လိုက်နာ ဆောင်ရွက်ပြီး လစဉ်ကုန်သွယ်မှုပမာဏတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် အစည်းအဝေးမှာဆွေးနွေးဆုံးဖြတ် ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (ချင်းရွှေဟော်)                                                
MIRT (DOBT)