တရုတ်နိုင်ငံက အရန်သိုလှောင်ထားတဲ့ပြောင်းနဲ့ဆန်များ ထုတ်ရောင်းတော့မယ်

Fri, 08/17/2012 - 04:30 -- Anonymous (not verified)

အမေရိကားမှာ နှစ် ၅၀ ကျော်အတွင်း အပြင်းထန်ဆုံး မိုးခေါင်တဲ့အတွက် ပြောင်းဈေးက စံချိန်တင် မြင့်တက်လျက်ရှိပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းစိုးရိမ်မှုတွေဖြစ်စေတာကြောင့် တရုတ်နိုင်ငံက ပြည်တွင်း ဈေးနှုန်းလျော့ကျဖို့နဲ့ တင်သွင်းမှုလျှော့ချဖို့ နိုင်ငံတော်အရန်သိုလှောင်မှုထဲက ဆန်နဲ့ပြောင်းများ ထုတ်ရောင်း တော့မယ်လို့သိရပါတယ်။ ယခုထုတ်ရောင်းမယ့်အစီအစဉ်ကြေငြာမှုဟာ ယခင်နှစ်စက်တင်ဘာမှာ ပြောင်းတန်ချိန် ၃ ဒသမ ၇ သန်းရောင်းချမယ်လို့ပြောပြီးနောက်ပိုင်း ပထမအကြိမ်ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကြောင့် လာမယ့်ကာလတိုအတွင်း တရုတ်တင်သွင်းသူများဟာ ၎င်းင်းတို့ရဲ့သင်္ဘောတင် များ ဖျက်သိမ်းဖွယ်ရှိလာပြီး နိုင်ငံတကာပြောင်းဈေးကိုလည်း ကျဆင်းစေဖို့ဖြစ်လာမယ်လို့ဆိုပါတယ်။ ကမ္ဘာမှာသီးနှံ ထိပ်တန်းတင်ပို့တဲ့ အမေရိကားရဲ့သီးနှံအထွက်ခန့်မှန်းချက်ကို လျှော့ချလိုက်တဲ့အတွက် သြဂုတ်လ ၁၀ ရက်နေ့မှာ ပြောင်းဈေးနှုန်း စံချိန်သစ်ရောက်ရှိခဲ့ပါတယ်။ တရုတ်သီးနှံကွပ်ကဲမှုဌာနမှ အစိုးရအရန်သီးနှံထဲမှ ပြောင်းနဲ့ဆန် ထုတ်ရောင်းမယ့် ပမာဏအတိအကျကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။
သီးနှံအရန်ထားရှိရေးကော်ပိုရေးရှင်းမှ သီးနှံရောင်းချဖို့ တာဝန်ယူရမှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ ပေးမယ် ဆိုတာကိုလည်း အသေးစိတ်မပြောသေးဘူးလို့သိရပါတယ်။ အချို့ကုန်သည်တွေ ခန့်မှန်းတာတော့ ရောင်းချမှု နည်းတဲ့ ရိတ်သိမ်းချိန် မတိုင်မီကာလမှာ ဈေးနှုန်းတည်ငြိမ်စေဖို့ အစိုးရအနေနဲ့ တန်ချိန် ၂ သန်းဝန်းကျင်ရောင်းချ လိမ့်မယ်လို့ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီနှစ်ကုန်မှာ ၎င်းင်းရဲ့အရန်သိုလှောင်မှုကို ဖြည့်တင်းဖို့လိုအပ်မှာဖြစ်ပြီး ယခုအရန်သိုလောင်မှုရောင်းချခြင်းက ဈေးနှုန်းအပေါ် သက်ရောက်မှုအကန့်အသတ်ရှိမယ်လို့ဆိုပါတယ်။
ယခုလို သီးနှံထုတ်ရောင်းမှုက ဈေးကွက်တည်ငြိမ်မှုအတွက် အတိုင်းအတာတစ်ခုအထိကူညီမှာဖြစ်ပေမဲ့ ထုတ်ရောင်းမယ့်ပမာဏက နိုင်ငံတစ်ဝန်းစားသုံးမှုတန်ချိန် ၁၀ သန်း-၁၅ သန်းနဲ့ယှဉ်ရင်တော့ အလွန်ဘဲနည်းတယ်လို့  Zheshong Future ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ Xu Werjie မှပြောကြားပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ပြည်တွင်းပြောင်းကြိုပွိုင့်ဈေးက ယခုနှစ်မှာ ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ သြဂုတ်လ ၁၀ ရက်မှာ ယွမ် ၂၄၀၀ (ကန်ဒေါ်လာ ၃၈၀) ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၆ ရက်မှာရှိခဲ့တဲ့ ယွမ် ၂၄၂၉ (ကန်ဒေါ်လာ ၃၈၅) ထက်တော့ အနည်းငယ်လျော့ကျခဲ့ပါတယ်။
ယခင်ကပြောင်းဖူလုံတဲ့ တရုတ်နိုင်ငံဟာ တိုးပွားတဲ့လူဦးရေရဲ့ဝင်ငွေမြင့်လာခြင်းနဲ့ အသားပိုမို စားသုံး လာကြတဲ့အတွက် မကြာသေးခင်နှစ်များအတွင်း အဓိကပြောင်းတင်သွင်းသူလည်းဖြစ်လာခဲ့ပါတယ်။ မွေးမြူရေး လုပ်ငန်းတွေ တိုးတက်လာခြင်းက တရုတ်နိုင်ငံကို ကမ္ဘာမှာဒုတိယပြောင်းအများဆုံး သုံးစွဲသူအဖြစ် တွန်းပို့ခဲ့ရာ ဈေးကျနေစဉ်အတွင်း ပြောင်းကိုအလေးထားဝယ်ယူမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ USDA ရဲ့ အစီရင်ခံချက်အရ ယခုနှစ်တရုတ်နိုင်ငံရဲ့ ပြောင်းထွက်ရှိမှုက တန်ချိန်သန်း ၂၀၀ ကို ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်ခန့်မှန်းထားပါတယ်။
ဒါကြောင့် ပြောင်းတင်သွင်းမှုဟာလည်း တန်ချိန် ၃ သန်းမှ ၂ သန်းကို လျှော့ချခန့်မှန်းထားပါတယ်။
ယမင်းခင်    
Source: Reuters