ထိုင်းနိုင်ငံက ယခုနှစ်ဆန်တန်ချိန် ၉ ဒသမ ၅ သန်း တင်ပို့နိုင်မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ယုံကြည် နေပေမဲ့ ပုဂ္ဂလိက ကဏ္ဍကတော့ ထိုင်းနိုင်ငံကအများဆုံး တင်ပို့နိုင်မှု တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ သန်းအထိသာ ရှိနိုင်ပြီး၊ ယခင် နှစ်ထက်တန်ဖိုးအားဖြင့် ၃၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ မျှော်လင့်ထားကြောင်းသိရပါတယ်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်တင်ပို့မှုက တန်ချိန် ၃ ဒသမ ၅ သန်းထိရှိနိုင်တယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်း ဥက္ကဌဟောင်း Chookiat Ophaswongse မှပြောကြားပါတယ်။ အဲဒါကြောင့် ရည်မှန်းချက်ပြည့်မီဖို့ဆိုရင် ယခုနှစ်ကျန်တဲ့လတွေမှာတစ်လတန်ချိန် ၁ သန်းစီတင်ပို့ ရတော့မှာဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်တိုင်အောင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ၃ ဒသမ ၃၅ သန်းတင်ပို့ပြီးလို့ ယခင်နှစ်တင်ပို့မှုထက် ၄၅ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းဆန်ဈေးက တစ်တန်ကန်ဒေါ်လာ ၆၀၀၊ ဗီယက်နမ်က ကန်ဒေါ်လာ ၄၀၅ နဲ့ အိန္ဒိယက ကန်ဒေါ်လာ ၄၁၀ အသီးသီးရှိလို့ ထိုင်းဆန်နဲ့ အခြားနိုင်ငံ ဆန်ဈေးတွေအကြား ကွာဟမှုကြီးမားနေတာကြောင့် ထိုင်းဆန်တင်ပို့မှုက အခက်အခဲများနဲ့ ဆက်လက်ရင်ဆိုင်ရလိမ့်မယ်လို့ Mr Chookiat မှ ကြိုတင်ခန့်မှန်းထားပါတယ်။ ၂၀၀၈ နှောင်းပိုင်းနဲ့ ၂၀၀၉ ခုနှစ်အစပိုင်းအတွင်း ထိုင်းနိုင်ငံက တစ်လဆန်တန်ချိန် ၁ သန်းစီ တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အိန္ဒိယရဲ့ ယှဉ်ပြိုင်မှုမရှိခဲ့တဲ့အပြင် ထိုင်းနဲ့ဗီယက်နမ်ဆန်ဈေးကွာဟမှုကလည်း တစ်တန် ကန်ဒေါ်လာ ၁၀ ခန့်သာရှိခဲ့ပါတယ်လို့ဆိုပါတယ်။ ၎င်းမှ ခန့်မှန်းထားရာမှာ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း လစဉ်တင်ပို့နိုင်မှုဟာ အစိုးရရည်မှန်း ချက် ပြည့်မီအောင် လိုအပ်တဲ့ပမာဏရဲ့ ထက်ဝက်ဖြစ်တဲ့ ပျမ်းမျှတန်ချိန် ၅ သိန်းခန့်သာ တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလိုပမာဏလျော့ကျတင်ပို့နိုင်ခြင်းမှာ နိုက်ဂျီးရီးယားနိုင်ငံက မကြာမီမှာ စတင်တော့မယ့် တင်သွင်းခွန် နှုန်းထားအသစ် ကြောင့် နိုက်ဂျီးရီးယားနိုင်ငံကို တင်ပို့ရမယ့်ပမာဏ လျော့ကျနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒုတိယ နှစ်ဝက်တင်ပို့မှုက အစိုးရ အချင်းချင်းကုန်သွယ်မှုစာချုပ်အရ အီရတ်နဲ့ ဂျပန်မှချုပ်ဆိုထားတဲ့ အမှာအော်ဒါများကို ဖြည့်ဆည်းရမှာဖြစ်ပြီး အိုင်ဗရီကို့စ် အတွက် ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ရဖွယ်ရှိပါတယ်။ ပြည်ပကုန်သွယ်ရေးဌာနမှပြောကြားရာမှာ ၎င်းင်းတို့ဌာနမှ ဆန်တန်ချိန် ၅ သိန်းနဲ့ပတ်သက်တဲ့ လေလံအသစ်များ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ ၎င်းင်းတို့သိုလှောင်ဆန်များ ထုတ်ရောင်းရာမှာ ထင်သာ မြင်သာစွာပြုလုပ်ဖို့ Mr. Chookiat မှ တိုက်တွန်းထားကြောင်း သိရပါတယ်။ အစိုးရရဲ့လေလံကြော်ငြာချက်က ပုန်းလျှိုးကွယ်လျှိုးရှိတယ်ဆိုတဲ့ ကောလာဟလသတင်းများဖြန့်နေကြောင်း၊ အစိုးရအနေနဲ့ ပြည်တွင်းပုဂ္ဂလိက ကဏ္ဍကို ဆန်ရောင်းချမယ့်နည်းလမ်းသုံးဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်းလည်း၎င်းမှထောက်ပြပါတယ်။ အချို့ပွဲစားများက အစိုးရသိုလှောင်ဆန် များကို လျှော့ဈေးနဲ့ အချို့ပြည်ပတင်ပို့သူများကို ရောင်းချနေတယ်လို့ဆိုပါတယ်။ လေလံခေါ်ယူခြင်းအစား လျှို့ဝှက်ရောင်းချခြင်းဟာ မရိုးသား ခြင်းပဲဖြစ်ကြောင်း ထပ်လောင်း ပြောကြားပါတယ်။
လမင်း
Source: riceonline